Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လယ်ဝေးခရိုင်၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးသင်တန်းဖွင့်လှစ်

14 May 24

လယ်ဝေးခရိုင်၌  ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးသင်တန်းဖွင့်လှစ်

=======================================================================

လယ်ဝေး မေလ ၁၄ရက် 


 

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ လယ်ဝေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခရိုင်ကွပ်ကဲမှုအောက်ရှိ မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေလွယ်ကူစေပြီး စွမ်းဆောင်ရည် ပိုမိုမြှင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့်  ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးသင်တန်းဖွင့်ပွဲကို မေလ ၁၃ရက်နေ့  နံနက်ပိုင်းက အဆိုပါ ခရိုင်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

 

ရှေးဦးစွာ လယ်ဝေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးတင့် က အဖွင့်အမှာစကား ပြောကြားရာတွင်" သင်တန်းသူ/သားများ အနေဖြင့် သင်တန်းမှ သင်ကြား ပို့ချပေးမည့် ဘဏ္ဍာရေးဆိုင်ရာ သင်ခန်းစာများကို သေချာစွာလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချဆောင်ရွက်သွားရန်" အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းနည်းပြဆရာ/ဆရာမများက သင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်တန်းတက်ရောက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော သင်တန်းသူ၊သင်တန်းသားများက တစ်ဦးချင်းမိတ်ဆက်ကြကာ ခရိုင် ဦးစီးမှူး နှင့်တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများနှင့် ဘဏ္ဍာရေး လက်စွဲစာအုပ်များကို သင်တန်းသား/သူများထံသို့ အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြသည်။  

 

အဆိုပါဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဘဏ္ဍာရေးသင်တန်းကို  လယ်ဝေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှု အောက်ရှိ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိ မြို့နယ်တို့မှ အရာထမ်း၊ အမှုထမ်းဝန်ထမ်း စုစုပေါင်း(၁၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဘဏ္ဍာရေးဆိုင်ရာ အခြေခံအချက်များ၊ ငွေစာရင်းပုံစံများရေးသွင်းနည်း၊ ဘဏ္ဌာရေး စီမံခန့်ခွဲမှု စည်းမျဉ်းစည်းကမ်းများနှင့် စီမံကိန်းဆိုင်ရာငွေစာရင်း ထိန်းသိမ်းနည်း စသည့်သာသာရပ်များကို ကျွမ်းကျင်ဆရာ/ဆရာမများက မေလ (၁၃)ရက်နေ့ မှ (၁၇) ရက်နေ့အထိစာတွေ့လက်တွေ့ (၅)ရက်ကြာ  သင်ကြားပို့ချပေးသွားမည်ဖြစ် ကြောင်း လယ်ဝေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးတင့် ထံမှ  သိရသည်။

 

မောင်ခိုင်