Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ဒလမြို့နယ် ကျေးရွာနှစ်ရွာတွင် မြေသားရေကန်များတူးဖော်ခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

14 May 24

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် ကျေးလက်နေပြည်သူများ  သောက်သုံးရေ လုံလောက်စွာ ရရှိစေရေးအတွက် မြေသားရေကန်များ တူးဖော်ခြင်းလုပ်ငန်း ဆောင် ရွက်နေမှုကို တာဝန်ရှိသူများက ယနေ့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တွံတေးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၅၁ ဒသမ ၆၁၄ သန်းဖြင့် ဆောင်ရွက်သည့် တုံးတင်ဂံ(တောင်)ကျေးရွာနှင့် ညောင်ပင်ကျေးရွာရှိ မြေသား ရေကန်များတွင် ရေသိုလှောင်နိုင်မှုပမာဏ ပိုမိုများပြားစေရန်အတွက် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရေပေးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ ခရိုင်ဦးစီးမှူးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်အတွင်းရှိ တုံးတင်ဂံ(တောင်)ကျေးရွာတွင် အလျား ၁၇၈ ပေ ၊အနံ ၁၇၉ ပေ၊အနက် လေးပေရှိ မြေသားရေကန်တူးဖော်ခြင်းနှင့် ညောင်ပင်ကျေးရွာတွင် အလျားပေ ၂၀၀၊အနံပေ ၁၀၀၊ အနက်လေးပေရှိ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများကို ဒလမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ဧပြီလ ပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါမြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး ပါက ကျေးရွာနေပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။