ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေနှင့် ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်သည် ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဗြူးကုန်းကျေးရွာ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်သော 4.5” Ø 400’ စက်ရေတွင်းဂါလံ ၂၄၀၀ ဆံ့စင်မြင့်ရေစင်ဆိုလာစနစ်လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေပေးရေးစနစ်အမျိုးမျိုး၌ ရေတင်ပန့်များ၊ ရေတွန်းပန့်များအား လျှပ်စစ်မီး၊ ဒီဇယ်ဆီသုံးအင်ဂျင်နှင့် မောင်းနှင်သည့် မီးစက်များကို အဓိကထား၍ အသုံးပြုကြ၍ ရေတင်ပေးရပါသည်။ ယခုအခါ လျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ဒီဇယ်ဆီဈေးနှုန်းမြင့်တက်ခြင်းဖြစ်ပေါ်မှုတို့ကြောင့် ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းတို့အား ဦးစားပေးဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးတွင်းအကောင်အထည်ဖော် ဆောင်ရွက်သည့် အဆိုပါလုပ်ငန်းအား ပြည်ထောင်စုရန်ပုံငွေ ၂၆.၂၀၅၂သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ၁၉.၆.၂၀၂၃ရက်နေ့တွင် လုပ်ငန်းစတင်ခဲ့ပြီး ၁၆.၁၁.၂၀၂၃ ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်းနှင့် အိမ်ခြေ(၁၉၉)၊ အိမ်ထောင်စု (၂၀၇)၊ လူဦးရေ (၈၃၈)ဦးတို့အား မီးအားပြည့်မီအောင် စောင့်ဆိုင်းရခြင်း၊ မီးပြတ်တောက်မှုကြောင့် ရေတင်မရခြင်း၊ ဒီဇယ်ဆီ ဈေးနှုန်းမြှင့်တက်မှုကြောင့် ကုန်ကျစရိတ်များပြားခြင်း၊ အင်ဂျင်နှင့် မီးစက်များ ထိန်းသိမ်း ပြုပြင်နေရသဖြင့် ရေတင်မရခြင်းများ စသည်တို့မှ ကင်းဝေးပြီး ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာရေတင်စနစ်ကို လွယ်ကူ၊ အချိန်ကုန် သက်သာသည့် ရေကို အကျိုးရှိစွာအသုံးချနိုင်သည့် အကျိုးကျေးဇူးများရရှိစေမှာဖြစ်ပါသည်။