ကျွန်းစု ဧပြီ ၂၆
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် ကျွန်းစုမြို့(၂)ရပ်ကွက်ရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျွန်းစုမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)သက်ဆိုင်သူအားလုံး ပါဝင်သော မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တဦးစီးမှူး ဒေါ်နှင်းသက်သက်ဝေက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)နှင့်ပတ်သက်၍ စီမံကိန်းသုံးသပ်ဆွေးနွေးပွဲပြုလုပ်ရခြင်းအား ရှင်းလင်းပြောကြားသည်။
ထိုနောက် အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ ကျေးရွာလုပ်ငန်းအဖွဲ့ဝင်များက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက် ၍ အားသာချက်၊အားနည်းချက်၊အခက်အခဲနှင့် အကြံပြုချက်များကို အုပ်စုလိုက်ဆွေးနွေးခြင်းနှင့်ရလဒ်များအား အနှစ်ချုပ်ပြန်လည်ဆွေးနွေးခြင်းများ ဆောင်ရွက်ကြကြောင်းသိရသည်။