ရန်ကုန်တိုင်းဒေသကြီး၊တွံ့တေးခရိုင်၊ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွင့်လှစ်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေ စာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်ပွဲကိုမတ် ၃၀ရက်၊နံနက်ပိုင်းတွင် မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလက်စွဲစာစောင်ပါ စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီး မှူးနှင့် တာဝန်ရှိသူများက သင်တန်းသားသင်တန်းသူများအတွက် သင်ကြားမှု အထောက် အကူပြုပစ္စည်းများ ပေးအပ်ရာ သင်တန်းသားများက လက်ခံရယူသည်။
အဆိုပါသင်တန်းကို ကျုံဖာကျေးရွာနှင့်ကြာကန်ကျေးရွာတို့မှ သင်တန်းသား သင်တန်းသူ၁၄ဦး တက်ရောက်ပြီး သင်တန်းတွင် ဦးစီးဌာနမှ ဝန်ထမ်းများက စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုက်နာရမည့် ရန်ပုံငွေစီမံခန့်ခွဲမှုဆိုင်ရာ စည်းကမ်းချက်များနှင့် ကျေးရွာတွင်ထားရှိရမည့်ငွေစာရင်းပုံစံ၁၀မျိုးကို အမျိုးအစား အလိုက် ဖြည့်သွင်းနည်း ချေးငွေလျှောက်လွှာအတည်ပြုလွှာနှင့် စာချုပ်ဖြည့်သွင်းနည်း၊ အစည်းအဝေးမှတ်တမ်းရေးသွင်းနည်းတို့ကို တစ်ရက်ကြာ စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။