Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ညောင်ဦးမြို့နယ်‌ ကျေးရွာနှစ်ရွာ၌ နွေရာသီသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

18 March 23

ညောင်ဦးမြို့နယ်‌ ကျေးရွာနှစ်ရွာ၌ နွေရာသီသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

ညောင်ဦး    မတ်လ   ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ CSR (Cooperate Social Responsibility) ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စန်းကန်ကျေးရွာနှင့် ယာတောကြီး ကျေးရွာတို့၌ နွေရာသီသောက်သုံးရေးဖူလုံစွာရရှိရေးအတွက် ရေရရှိရေးလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ များကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောနှင့် ဒေါ်ဝင့်ဝါဖြူ၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ)၊ ညောင်ဦးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော်နှင့်မြို့နယ်တာဝန်ရှိသူများက ကျေးရွာ ရေပေးရေးကော်မတီဝင်များနှင့်အတူ စန်းကန်ကျေးရွာနှင့် ယာတောကြီးကျေးရွာတို့၌ ရေရရှိရေးအတွက် တွင်းနက်စက်ရေတွင်းတူးဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်စပ်လုပ်ငန်းများဆောက်ရွက်ပြီးမှု အခြေ အနေများကိုကြည့်ရှု့စစ်ဆေးပြီး  လုပ်ငန်းအရည်အသွေးကောင်းမွန်စေရေးနှင့်  သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ  အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။

အဆိုပါကျေးရွာနှစ်ရွာ၌ရေရရှိရေးလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ CSR (Cooperate Social Responsibility)  ခွင့်ပြုရန်ပုံငွေဖြင့်  စန်းကန်ကျေးရွာ၌  လေးလက်မစက်ရေတွင်း အနက်ပေ ၉၀၀ တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြှင့်ရေစင်တည်ဆောက်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းတို့အား ခွင့်ပြုရန်ပုံငွေ ၅၅ ဒသမ ၄၆ ကျပ်သန်းဖြင့် လည်းကောင်း၊ ယာတောကြီးကျေးရွာ၌ လေးလက်မ စက်ရေတွင်းအနက်ပေ ၈၅၀ တူးဖော်ခြင်း၊ ဂါလန် ၂၄၀၀ ဆံ့ စင်မြှင့်ရေစင်တည် ဆောက်ခြင်း၊ ရေစက်ရုံတည် ဆောက်ခြင်းလုပ်ငန်းတို့အား ခွင့်ပြုရန်ပုံငွေ ၅၆ ဒသမ ၅၁၅ ကျပ်သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ နွေရာသီတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက် ၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ CSR (Cooperate Social Responsibility) ထောက်ပံ့ရန်ပုံငွေ ၃၇၄ ဒသမ ၅၁ သန်းဖြင့် စန်းကန်၊ ယာတောကြီး၊ ကန်ကြီးစုကုန်း ရွာသစ်၊ ထနောင်းဝင်း(ရှေ့)၊ ကံသာယာ၊ ရွာလု၊ မောင်းဂွတ်တော၊ သံချေးကန်၊ ကန်နီကြီးတဲတိုက်၊ တာလန်း ကန်တဲတိုက်၊ တောစွန်တဲတိုက်၊ ကျွန်းဘိုကန်၊ အုတ်လှေကား၊ တောရွာ၊ ကြာခတ်တောတဲတိုက်၊ ဂျမ်းလှီး၊ ကန်နီပေါက်၊ စက်စက်ယို ကျေးရွာ(၁၈)ရွာ၌ တွင်းနက်စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်း(၅)ခု၊ မြေသား ရေကန်တူးဖော် ခြင်းလုပ်ငန်း(၅)ခု၊ အခြားရေရရှိရေးလုပ်ငန်း(၆)ခု၊ စုစုပေါင်းရေရရှိရေးလုပ်ငန်း(၁၆)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုရေရရှိရေးနှင့်ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပြီးစီး ပါက ကျေးရွာ(၁၈)ရွာရှိ အိမ်ခြေ(၂၁၃၂)အိမ်၊ လူဦးရေ(၁၀၅၅၄)ဦးနှင့် ကျွဲ၊ နွား၊ တိရိစ္ဆာန်များအတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်စောက ပြောပြ၍သိရသည်။

စိုးမိုးကျော်