မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ထန်းပင်ချောင်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများ ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိညွှန်ကြားရေးမှူး(နည်းပညာ) ဦးအောင်ဝေထွန်း ၊ ပေါင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ် နှင့် အင်ဂျင်နီယာဝန်ထမ်းများက ထန်းပင်ချောင်ကြီးကျေးရွာကုန်ထုတ်လမ်း ဖြစ်မြောက်ရေးကော်မတီဝင်များနှင့်အတူ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ဝေထွန်းမှ လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။ ထန်းပင်ချောင်ကြီးကျေးရွာကုန်ထုတ်လမ်း အရှည်ပေ ၁၀၅၆၀၊ အကျယ် ၁၂ ပေ၊ ကျောက်ရောမြေနီ ၃ပေဒု ခင်းခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေကျပ် ၁၀၇ ဒသမ ၁ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဖြိုးဆောင်လုပ်ရေးကုမ္ပဏီက စက်တင်ဘာလ ပထမပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ၈၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ လယ်ဧက (၉၀၀)မှ ထွက်ရှိလာသော ထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ်သက်သာစွာဖြင့် စျေးကွက်သို့ အချိန်မီတင်ပို့ရောင်းချ နိုင်တော့မည်ဖြစ်ကြောင်းနှင့် ကျေးရွာရှိ အိမ်ခြေ ၇၈၈ ၊ လူဦးရေ ၅၂၄၇ ဦး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။ Auto-converted: ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ဆောင်ရွက်နေမှုစစ်ဆေး