Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

10 March 23

မြို့သစ်မြို့နယ် လှေဝန်းကျေးရွာ၌ VDP စီမံကိန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

မြို့သစ် မတ် ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏ လုပ်အားထည့်ဝင်မှု တို့ဖြင့် ဆောင်ရွက်လျက်ရှိသည့် မြို့သစ်မြို့နယ်၊ လှေဝန်းကျေးရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း အကောင် အထည်ဖော်ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို  ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်လွင်ဦး၊ ခရိုင်၊ မြို့နယ်မှ  စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ လှေဝန်းကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာနေပြည်သူများ၏လုပ်အားထည့်ဝင်မှုတို့ဖြင့် ကျေးရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများအနေဖြင့်လမ်းရေရှည် တည်တံ့ခိုင်မြဲရေး ဝိုင်ဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားပါသည်။

အဆိုပါ လှေဝန်းကျေးရွာ ကျေးရွာတွင်းလမ်းအရှည် ၆၁၅ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထုကွန်ကရစ် ခင်းခြင်းလုပ်ငန်းကို  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ကျေးရွာနေပြည်သူထည့်ဝင်ငွေကျပ် ၃၆ ဒသမ ၆ သိန်း စုစုပေါင်းငွေကျပ် ၁၃၆ ဒသမ ၆ သိန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများမှအနီးကပ်ကြီးကြပ်ကာ ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဒီဇင်ဘာလ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

သန်းလွင်(မကွေး)