ဘားအံမြို့နယ် ထုံးအိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု ကွင်းဆင်းစစ်ဆေး
ဘားအံ ဇန်နဝါရီ ၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၃၅၃ သန်းဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရန်မျိုးနိုင်၊ ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများက သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာလမ်းကော်မတီဝင်များ နှင့်အတူ ထုံးအိုင်ကျေးရွာ ဆီထွက်သီးနှံများ သယ်ယူပို့ဆောင်နိုင်မည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။
ထုံးအိုင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် တစ်မိုင် လေးဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေတစ်ပေထု မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၃၅၃ သန်းဖြင့် တင်ဒါ အောင်မြင်သည့် မိုးထက်တိမ်လွှာကုမ္ပဏီမှ ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၇၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်သည်။
အဆိုပါကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးပါက ကျေးရွာရှိ အိမ်ခြေ ၁၀၃၂ အိမ်၊ လူဦးရေ ၅၈၃၃ ဦးတို့၏ စိုက်ပျိုးမြေဧက ၄၁၅ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော ဆီထွက်သီးနှံများ၊ ထုတ်ကုန်၊ ထွက်ကုန် များအား ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူသယ်ယူပို့ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
သူသူ