ဆင်ပေါင်ဝဲမြို့နယ် ဂွေးတောက်စမ်းကျေးရွာ၌ ဆိုလာစနစ်ဖြင့် ရေရရှိရေးဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
ဆင်ပေါင်ဝဲ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဂွေးတောက်စမ်းကျေးရွာ၌ သောက်သုံးရေဖူလုံစွာရရှိရေး နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဇေယျနှင့် ဝန်ထမ်းများက ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာ ရေပေးရေးကော်မတီဝင်များနှင့်အတူ ဂွေးတောက်စမ်းကျေးရွာ၌ နေရောင်ခြည် စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည်စွက်မှာကြား ပါသည်။
ဂွေးတောက်စမ်းကျေးရွာ သောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် ၃၆ ဒသမ ၇၃၈ သန်းဖြင့် အကျယ်လေးလက်မ အနက်ပေ ၅၀၀ ရှိ စက်ရေတွင်း တူးဖော်ခြင်း၊ အမြင့်ပေ ၂၀ ရှိ ဂါလန် ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ ဆိုလာပြားများတပ်ဆင်ခြင်းနှင့် ရေမြှုပ်ပန့်တပ်ဆင်ခြင်း၊ ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Mega Global Green Automation ကုမ္ပဏီတို့မှ အောက်တိုဘာလ ဒုတိယအပတ်မှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်ဖြင့် ရေရရှိရေးလုပ်ငန်းအားလုံးဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာရှိ အိမ်ခြေ ၂၂ အိမ်၊ လူဦးရေ ၁၀၀ ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်တို့အတွက် လာမည့်နွေရာသီကာလ သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွားပြီ ဖြစ်ကြောင်း သိရသည်။
သူသူ