နေပြည်တော်ဒီဇင်ဘာ၂၈
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေနေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ်လမ်းများ၊ E-library, IT Center ဖွင့်ပွဲအခမ်းအနားနှင့် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်-ဇီးကုန်း-လေသာ-သရက်တောလမ်းပေါ်ရှိဆင်သေချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားတို့အားယနေ့နံနက်ပိုင်းကကျင်းပပြုလုပ်သည်။
ရှေးဦးစွာနေပြည်တော်ကောင်စီနယ်မြေ၊ သော်မှော်ကုန်းခေတ်မီစံပြကျေးရွာ၏ ကွန်ကရစ်လမ်းများနှင့် E-library, IT Center ဖွင့်ပွဲအခမ်းအနားကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
အခမ်းအနားတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးက(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ခေတ်မီစံပြကျေးရွာအဖြစ် ဆောင်ရွက်ခဲ့သည့်လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၏ ကွန်ကရစ်လမ်းများနှင့် E-library, IT Center ဖွင့်ပွဲအခမ်းအနားကိုကျင်းပခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်က“ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းသမ်းဆက်သွယ်ရေးလုပ်ငန်းများထိထိရောက်ရောက် ဆောင်ရွက်ရန်၊ ကျေးလက်စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကသမဝါယမလုပ်ငန်းများတိုးတက်စေရေးဆောင်ရွက်ရန်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ မြှင့်တင်ပေးရန်”လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်နှင့်အညီမိမိတို့ဝန်ကြီးဌာနအနေဖြင့် ကျေးလက်အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် စိုက်ပျိုးမွေးမြူရေးအခြေပြုသမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးတို့ကိုချိတ်ဆက်ကာဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများကိုအဓိကဦးစားပေးဆောင်ရွက်နေပါကြောင်း၊ မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးကိုမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီးစီးပွားရေးခိုင်မာအားကောင်းသောအစိမ်းရောင်ဖွံ့ဖြိုးမှုကိုအားပေးသည့် ခေတ်မီစံပြကျေးရွာများထူထောင်ပေးလျက်ရှိရာယခုဆိုလျှင် ကျေးရွာ (၄၃) ရွာအထိဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သော်မှော်ကုန်းစံပြကျေးရွာအနေဖြင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးအတွက် ကျေးရွာစာကြည့်တိုက်၊ ရေစက်ရုံ Pump အသစ်လဲလှယ်ပေးခြင်း၊ ရေပေးရေးလုပ်ငန်းများ၊ အမြင့်ရေစင်နှင့် အိမ်သွယ်ရေတိုင်စနစ်၊ ကျေးရွာတွင်းလမ်းများဖောက်လုပ်ပေးနိုင်ခဲ့ပါကြောင်း၊သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုအတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ RBF ဖြင့် ကြက်၊ ဝက်၊ နွားမွေးမြူရေးအစုအဖွဲ့ (၉) ဖွဲ့အတွက် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးအကျိုးအမြတ်များစတင်ခံစားနေပြီဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် နေ့စဉ်နေထိုင်မှုပုံစံများပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တာနက်ချိတ်ဆက်ပေးပြီး E-library IT Center တစ်ခုတည်ထောင်ပေးနိုင်ခဲ့သဖြင့် ဈေးကွက်သတင်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာနည်းပညာအချက်အလက်များ၊ ပညာရေး၊ ကျန်းမာရေးတို့ကိုအထောက်အကူဖြစ်စေပြီးစာအုပ်စာစောင်များ၊ ဆောင်းပါးဂျာနယ်များပါ ဖတ်ရှုလေ့လာနိုင်တော့မည်ဖြစ်ပါကြောင်း၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးတက်ညီလက်ညီဆောင်ရွက်ကြရမည်ဖြစ်ပြီးရေရှည်အကျိုးခံစားနိုင်အောင် ပျက်စီးဆုံးရှုံးမှုမရှိအောင် ဝိုင်းဝန်းထိမ်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်းပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်ကနိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီပြည်ထောင်စုနယ်မြေနေပြည်တော်အား Clean City၊ Green City၊ Smart City ဖြစ်အောင် အကောင်အထည်ဖော်နေပါကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ နေပြည်တော်နယ်မြေအတွင်းခေတ်မီစံပြကျေးရွာအဖြစ် ကျေးရွာ (၃) ရွာအားဆောင်ရွက်ခဲ့ရာနေပြည်တော်ကောင်စီမှ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးသောဖွံ့ဖြိုးရေးလုပ်ငန်းများကိုတန်ဖိုးထားပြီးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန်နှင့် မိမိတို့ကျေးရွာအားခေတ်မီစံပြကျေးရွာဖြစ်အောင် သက်ဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်းပြောကြားသည်။
ထို့နောက်ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်တို့ကကျေးရွာကွန်ကရစ်လမ်းသစ်များအားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီးတက်ရောက်လာသောဧည့်သည်တော်များအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ကြကာကွန်ကရစ်လမ်းများအားလှည့်လည်ကြည့်ရှုကြသည်။
ဆက်လက်ပြီးဒုတိယဝန်ကြီးဦးမြင့်စိုး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးမင်းနောင်နှင့် ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်းတို့ကကျေးရွာစာကြည့်တိုက်၏ E-library, IT Center တို့အားဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီးSkylark ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးမှ IT Center တွင် Digital နည်းပညာနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထိုမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသောဦးမြင့်စိုး၊ဦးဝင်းဖေ၊အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန်-ဇီးကုန်း-လေသာ-သရက်တောလမ်းပေါ်ရှိဆင်သေချောင်းကူးတံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုးကနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများသည် ကျေးလက်သယ်ယူပို့ဆောင်ရေးလွယ်ကူချောမွေ့မှုအပေါ် များစွာအခြေခံပြီးကျေးလက် လမ်းပန်းဆက်သွယ်ရေးသည် အရေးကြီးသည့်အခန်းကဏ္ဍဖြစ်သဖြင့် ရာသီမရွေးသွားလာနိုင်သောလမ်းများလိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်လမ်းကွန်ယက်များ ဖွံ့ဖြိုးစေရေးအတွက် စံချိန်စံညွှန်း၊အရည်အသွေးပြည့်မီတဲ့ကျေးလက်လမ်းတံတားများဖြစ်ထွန်းပေါ်ပေါက်စေရေး၊သဘာဝဘေးဒဏ်ခံနိုင်သောလမ်းများဖြစ်ပေါ်ရေး၊ကျေးရွာများအားလုံးရာသီမရွေးဆက်သွယ်သွားလာနိုင်တဲ့လမ်းတံတားများအဖြစ်ရည်မှန်းပြီးကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာနှင့်ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၇-၂၀၃၀)ကိုရေးဆွဲပြီး သက်ဆိုင်သူအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်မိမိတို့ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီးယနေ့ဖွင့်လှစ်သောဆင်သေချာင်းကူးတံတားသည် အရှည် (၄၅၀)ပေ၊ အကျယ် (၂၄) ပေနှင့် လူသွားလမ်းတစ်ဖက်စီမှာ (၃ ပေ ၆လက်မ)အကျယ်ရှိပြီး တံတားချဉ်းကပ်လမ်း အပါအဝင် ကတ္တရာလမ်း(၆၃၂၉)ပေ ဆောင်ရွက်ထားရှိပါကြောင်း၊ သံကူကွန်ကရစ် ဘိုးပိုင်တံတားတိုင်များ၊ သံကူကွန်ကရစ်ကြမ်းခင်းနှင့် Steel Plate Girder သံမဏိယက္မများ တပ်ဆင်အသုံးပြုထားတဲ့ တံတားအမျိုးအစားဖြစ်ပြီး တံတားခံနိုင်ဝန်အနေနဲ့ ယာဉ်တစ်စီးချင်းအလေးချိန်(၃၆)တန်အထိ ဖြတ်သန်းအသုံးပြုသွားလာနိုင်မှာ ဖြစ်ပါကြောင်း၊ပုဗ္ဗသီရိမြို့နယ်အတွင်းရှိကျေးရွာ(၁၁)ရွာမှအိမ်ခြေ(၄၆၄၈)လူဦးရေ(၁၆၄၆၂)ဦးတို့ကိုတိုက်ရိုက်အကျိုးခံစားရစေတဲ့အပြင်ကျေးရွာများ ၏စိုက်ဧက(၈၅၀)ခန့်ကိုပါ လွှမ်းခြုံအကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်ကအမှာစကားပြောကြားရာတွင် တံတားတည်ဆောက်မှုကြောင့် စီးပွားရေးလူမှုရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်လာပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အခြားကုန်ထုတ်လုပ်မှုဆိုင်ရာကျေးလက်ထုတ်ကုန်များကိုလည်းဈေးကွက်သို့အချိန်မီတင်ပို့ရောင်းချနိုင်မှာဖြစ်၍မိသားစုဝင်ငွေတိုးပွားလာမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ဒေသခံပြည်သူများ၊ တာဝန်ရှိသူများအားလုံးဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒေသခံပြည်သူတစ်ဦးကတံတားတည်ဆောက်ပေးသည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်၊ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့် ဒုတိယဝန်ကြီးဦးဝင်းဖေတို့ကတံတားအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီးကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အားအမွှေးနံ့သာများဖြင့် ပက်ဖြန်းခဲ့ကြသည်။
ဆက်လက်ပြီး (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆင်သေချောင်းကူးတံတားဖွင့်ပွဲအထိမ်းအမှတ် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးတံတားသစ် အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသတင်းရရှိပါသည်။