သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားခရိုင်၊ မိုင်းလားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေများဖြင့် ပန်ဟုတ်(ထက်)ကျေးရွာနှင့် ပန်ယောင်းကျေးရွာတို့၌ ကျေးလက် ကုန်ထုတ်လမ်းနှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို စက်တင်ဘာ ၂၀ ရက်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် မိုင်းလားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသက်ညီညီနှင့် တာဝန်ခံအင်ဂျင်နီယာဝန်ထမ်းများသည် ပန်ဟုတ်(ထက်)ကျေးရွာတွင် ကျေးလက် ကုန်ထုတ်လမ်းအရှည် (၁)မိုင်၊ ပန်ယောင်းကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်းအရှည် (၁)မိုင်နှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက် သည့် ကုမ္ပဏီတာဝန်ခံများ ကျေးရွာသူ/သားများနှင့် တွေ့ဆုံကာ လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
ပန်ဟုတ်(ထက်)ကျေးရွာနှင့် ပန်ယောင်းကျေးရွာတို့၌ အဆိုပါကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းလမ်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၇၈ ဒသမ ၄ သန်းဖြင့် အရှေ့ပိုင်း ချယ်ရီမြေကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများ အားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာများရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမြေဧက များမှ ထွက်ရှိသော လယ်ယာထုတ်ကုန်စိုက်ပျိုးသီးနှံများ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။