ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောပြားကြီးကျေးရွာအုပ်စု၊ တောပြားကြီးကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာအဝင် ကွန်ကရစ် လမ်းခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကျေးရွာဘောလုံးကွင်းမြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီ အချိန်က ကွင်းဆင်းကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်း နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ တောပြားကြီးကျေးရွာ ကျေးရွာအဝင် ကွန်ကရစ်လမ်း ခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကျေးရွာဘောလုံးကွင်းမြေညှိခြင်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဆွေးနွေးမှာကြားပါသည်။
အဆိုပါ တောပြားကြီးကျေးရွာ ကျေးရွာအဝင်ကွန်ကရစ်လမ်း အရှည်ပေ ၆၀၀ အကျယ် ၄ ပေ အမြင့် ခြောက်လက်မထု ခင်းခြင်း၊ ရေနုတ်မြောင်း အရှည် ၁၇၅၀ ပေ အကျယ်တစ်ပေခြောက်လက်မ၊ အနက် တစ်ပေခြောက်လက်မထု တူးဖော်ခြင်း၊ ကျေးရွာဘောလုံးကွင်း အလျား ၂၀၀ ပေ အနံ ၇၀ ပေ အမြင့် ခြောက်လက်မထု မြေညှိခြင်းလုပ်ငန်းများကို ယခု ဘဏ္ဍာနှစ် Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Cash For Work စီမံကိန်း(CFW)ကို ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါနှင့် အခြား သောဘေးအန္တရာယ်များ၏ အကျိုးဆက် များကြောင့် လူမှုစီးပွားဘဝထိခိုက်လျက် ရှိသည့် ပြည်သူများအား ၎င်းတို့ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေ ရန်နှင့် ကျေးရွာအခြေခံ အဆောက် အအုံများဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းက ပြောပြ၍ သိရသည်။