ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်မည့် ကမမောင်းမြို့ ရပ်ကွက်(၂)ကျေးရွာ၌ စီမံကိန်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဖွဲ့စည်းခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်၊ ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးမင်းတို့က အမှာစကား ပြောကြားကြပါသည်။
ဆက်လက်၍ ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မိတ်ဆက်ရှင်းလင်း ခြင်း၊ ကော်မတီဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျေးရွာသူ ကျေးရွာသားများက ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်ခုနစ်ဦးကို အများသဘောဆန္ဒနှင့်အညီ မဲစနစ်ဖြင့် ရွေးချယ် ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမမောင်းမြို့ ရက်ကွက်(၂)ကျေးရွာအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၃၀၀ ဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်း နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေထံမှ သိရသည်။