ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက် ထားရှိမှုကို တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စက်တင်ဘာ ၁၄ ရက်တွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။ ထိုသို့စစ်ဆေးရာတွင် တာချီလိတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါ်လဲ့လဲ့သင်းနှင့် တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် Cash For Work စီမံကိန်းဖြင့် ဟိုရမ်း (၂) ကျေးရွာနှင့် တာကြန့်ကျေးရွာတို့တွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှုကို ကွင်းဆင်းစစ်ဆေးကြပြီး လုပ်ငန်းများကို သတ်မှတ်အရည်အသွေးပြည့်မီခြင်း ရှိ/မရှိ ကြည့်ရှု တိုင်းတာကာ အချိန်မီပြီးစီးအောင်ဆောင်ရွက်ရန် ကျေးရွာများမှ တာဝန်ရှိသူများကို မှာကြားသည်။ “တာချီလိတ်မြို့နယ်ထဲက ဟိုရမ်း(၂)ကျေးရွာနဲ့ တာကြန့်ကျေးရွာတွေမှာ Cash For Work စီမံကိန်း နိုင်ငံတော်ထောက်ပံ့ပိုးငွေကျပ် သိန်းတစ်ရာစီနဲ့ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေပါတယ်။ သက်ဆိုင်ရာကျေးရွာတွေက ဒေသခံပြည်သူတွေကိုယ်တိုင် အကောင်အထည် ဖော်ဆောင်ရွက်ပြီးတော့ လုပ်အားခပေးချေတဲ့ စီမံကိန်းလုပ်ငန်းဖြစ်ပါတယ်။အခုလို စီမံကိန်းတွေဆောင် ရွက်ပေးတဲ့အတွက် ကျေးလက်နေပြည်သူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေပြီးတော့ ကျေးရွာအခြေခံ အဆောက်အဦးတွေလည်း ဖွံ့ဖြိုးတိုးတက်လာစေမှာပါ”ဟု မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းကပြောသည်။
တာချီလိတ်မြို့နယ်ရှိ ဟိုရမ်း(၂)ကျေးရွာနှင့် တာကြန့်ကျေးရွာတို့တွင် ဆောင်ရွက်နေသော ကျေးရွာ တွင်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းသည် အလျားပေ ၅၀၀၊ အကျပ်၁၀ပေ၊ အမြင့် ၆လက်မဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကြီးကြပ်မှုနှင့် ကျေးရွာလူထုကိုယ်တိုင် စက်တင် ဘာလ ပထမပတ်ကစတင်ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းများ ၉၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။