မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ်တွင် မလှိုင်မြို့နယ်အတွင်း ကျေးရွာနှစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ ဦးစီးအရာရှိ ဒေါ်ခင်မာလွင်(နည်းပညာ)နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျပ်ဆည်အုပ်စု သပြေလှကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ၆၅၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မနှင့် ဆည်တိုအုပ်စု ရွာသစ်ကျေးရွာ၌ ကျေးရွာတွင်း လမ်းအရှည်ပေ ၆၅၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးဒေါ်စုစုက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လုပ်ငန်းများ အရည်အသွေးပြည့်မီအောင်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်ဆွေးနွေးမှာကြားသည်။
မလှိုင်မြို့နယ် သပြေလှကျေးရွာနှင့် ရွာသစ်ကျေးရွာတို့၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတစ်ရွာလျှင် ပံ့ပိုးရန်ပုံငွေကျပ် သိန်း ၁၀၀၊ ပြည်သူ ထည့်ဝင်ငွေများဖြင့် ကျေးရွာသူ/သားများ ကိုယ်တိုင်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုထံမှ သိရသည်။