မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂−၂၀၂၃ဘဏ္ဍာနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် ၄၁ ဒဿမ ၇၉၈ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အိမ်ကြီးတောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစု၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်မာလွင်နှင့် ဝန်ထမ်းများက အိမ်ကြီးတောကျေးရွာ၌ အရှည် ၄ ဒသမ ၃၀၉ ဖာလုံ၊ အကျယ် ၁၂ပေ အမြင့် ၆လက်မရှိ မြေသားတင်ဂျင်းခင်းခြင်း၊ အဆိုပါလမ်းပေါ်တွင် ပေ(၄၀×၂၀) ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်စုစုက ကျေးရွာရှိ ရပ်မိရပ်ဖများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံကာ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါအိမ်ကြီးတောကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ စိုက်ပျိုးမြေဧကများမှ ထွက်ရှိသော စိုက်ပျိုးသီးနှံများ ကုန်ကျစရိတ်သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စုစုက ပြောပြ၍သိရသည်။