အရည်အချင်းနှင့်လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝသည့် ဝန်ထမ်းကောင်းများပေါ်ထွက်လာစေရေး
ကျမ၏ဝန်ထမ်းငယ်ဘဝမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သည်အထိ လုပ်သက်(၃၄)နှစ် အတွင်း ဌာနဆိုင်ရာသင်တန်းပေါင်းများစွာကို တက်ရောက်ခဲ့ရပြီး (၁၉၉၆)ခုနှစ်တွင် ယခင်ဗဟို ဝန်ထမ်းတက္ကသိုလ် (ယခုနိုင်ငံ့ဝန်ထမ်းတက္ကသိုလ်)၌ ဖွင့်လှစ်ခဲ့သည့် စည်ပင်သာယာရေးဦးစီးဌာန အရာရှိများမွမ်းမံသင်တန်း အမှတ်စဉ်(၂)နှင့် (၁၉၉၉)ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည့် ဗဟိုဝန်ထမ်းလောင်း သင်တန်း ဇေယျ(၁၅၀)သင်တန်းများ တက်ရောက်ခဲ့ရပါသည်။ ယခုလည်း နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် ၌ (၂၇-၆-၂၀၂၂) ရက်နေ့မှ (၁၉-၈-၂၀၂၂) ရက်နေ့အထိ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းများ ဒုတိယအကြီးအမှူး သင်တန်းအမှတ်စဉ်(၁၀)သို့ တက်ရောက်ခွင့်ရရှိခဲ့ပြန်ပါသည်။ သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီ၊ နယ်နိမိတ်ကိစ္စများ၊ Geopolities၊ ကမ္ဘာ့နိုင်ငံရေးကိစ္စ၊ မြန်မာနိုင်ငံနှင့်အာဆီယံဆက်ဆံရေး၊ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများဆက်ဆံရေး ကိစ္စများအပါအဝင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ အခြားအရေးကြီးကဏ္ဍ များဖြစ်သည့် Public Finance Management, Strategic Management, Change Management, Leadership, Project Bank စသည့် ဘာသာရပ်များ ပြည့်ပြည့်စုံစုံပို့ချဆွေးနွေးခြင်း၊ တစ်ဦးချင်းနှင့် အုပ်စုအလိုက် စာတမ်းများပြုစုရေးသားခြင်း၊ Case Study နှင့် Group Work များပြုလုပ်၍ အပြန် အလှန်ဆွေးနွေးခြင်းများကြောင့် အသိပညာဗဟုသုတများစွာရရှိခဲ့ပါသည်။ ပြည်ထောင်စုရာထူးဝန် အဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ယန္တရားအဆင့်တိုင်း ခိုင်မာအားကောင်းစေရန်နှင့်ကောင်းမွန်သော စီမံအုပ်ချုပ်မှုစနစ်များ ဖြစ်ပေါ်စေရန်အတွက် နိုင်ငံ့ဝန်ထမ်းကဏ္ဍအား မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP)မဏ္ဍိုင်(၁)၊ ပန်းတိုင်(၁)၊ မဟာဗျူဟာ(၁.၄)၊ ရည်ညွှန်း (၁.၄.၁)နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၁၆)၊ မဟာဗျူဟာ(၁၆.၆) တို့နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
သင်တန်းတွင်ဌာနပေါင်းစုံမှ အရာရှိကြီးများတက်ရောက်ကြသဖြင့် ဌာနလုပ်ငန်းများဆောင် ရွက်ရာ၌ လွယ်ကူချောမွေ့စွာချိတ်ဆက်ဆောင်ရွက်နိုင်မည့် Communication Network ကောင်း များကိုလည်း ထူထောင်နိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် ဌာနအဖွဲ့အစည်း(၂၁)ခုမှ သင်တန်း သား/သူ(၂၁)ဦး တက်ရောက်ခဲ့ကြပြီး အုပ်စုအလိုက်စာတမ်းပြုစုခြင်းကို အုပ်စု(၂)ဖွဲ့ခွဲ၍ ပြုစု ဆောင်ရွက်ခဲ့ကြရာ ကျမတို့အုပ်စု(၂)အနေဖြင့် အရည်အချင်းနှင့်လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အထောက်အကူပြုစေသည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့်ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒထွက်ပေါ်လာ စေရေး လေ့လာသုံးသပ်တင်ပြခြင်း စာတမ်းကိုပြုစုခဲ့ပါသည်။
စာတမ်း၏ ရည်ရွယ်ချက်
သင့်တင့်သော ဝန်ထမ်းအင်အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုပေးနိုင်ရန် လက်ရှိ ဝန်ထမ်းဖွဲ့စည်းပုံကိုစိစစ်ပြီး စဉ်ဆက်မပြတ် အရည်အသွေးတိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များဖြစ်သော ဝန်ထမ်းကောင်းများ ရွေးချယ်ခန့်ထားခြင်း၊ ခန့်အပ်ထား သောဝန်ထမ်းကို လူမှန်နေရာမှန်တာဝန်ပေးအပ်ခြင်းဖြင့် ဝန်ထမ်းအဖွဲ့အစည်းအတွင်း လုပ်ငန်း စွမ်းဆောင်ရည်များ တိုးတက်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများ၏ ရရှိပြီးအရည်အချင်းနှင့် လုပ်ငန်း စွမ်းဆောင်ရည်ကို အထောက်အကူဖြစ်စေမည့် ဝန်ထမ်းဖွဲ့စည်းပုံနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ သင့်လျော်သော မူဝါဒများထွက်ပေါ်လာစေရန်နှင့် နိုင်ငံတော်၏ ဘက်စုံပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် အထောက်အပံ့ကောင်းတစ်ခုဖြစ်စေရန် ရည်ရွယ်ပါသည်။
နိုင်ငံ့ဝန်ထမ်းများ၏ အရေးပါမှု အခန်းကဏ္ဍ
မြန်မာနိုင်ငံ၏လူဦးရေ (၅၄)သန်းခန့်အနက် (၂)%ခန့်ဖြစ်သည့် (၁)သန်းခန့်သည် နိုင်ငံ့ ဝန်ထမ်းများဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ ပြည်သူ့ရေးရာကဏ္ဍပြုပြင်ပြောင်းလဲမှုအတွက် နိုင်ငံ့ဝန်ထမ်း များကို စီမံခန့်ခွဲခြင်းသည် အဓိကအခန်းကဏ္ဍတစ်ခုအနေဖြင့် ပါဝင်လျက်ရှိပါသည်။ နည်းပညာ တီထွင်ဆန်းသစ်မှု၊ ဌာနအချင်းချင်းချိတ်ဆက်ဆောင်ရွက်မှု၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုတို့ အပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းမှုများ၊ လုပ်ငန်းလည်ပတ်မှုယန္တရားများအား စနစ်တကျခိုင်မာ အားကောင်းရန်လိုအပ်ပြီး ပြည်သူများလိုအပ်ချက်များကို မြန်ဆန်စွာဝန်ဆောင်မှုများ ပေးနိုင်သည့် ပြည်သူ့ဝန်ထမ်းကောင်းများဖြစ်စေရေး၊ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းအတွင်း ခန့်ထားနိုင်ရေးအတွက် မူဝါဒပိုင်းခိုင်မာရန်နှင့်နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားထားရသော
ဝန်ထမ်းယန္တရားတစ်ခုအဖြစ် ကောင်းမွန်စွာလည်ပတ်ဆောင်ရွက်နိုင်စေရန် လိုအပ်ပါသည်။
ဝန်ထမ်းဖွဲ့စည်းပုံနှင့်ဖွံ့စည်းပုံအမျိုးအစား
နိုင်ငံ့ဝန်ထမ်းဥပဒေတွင် ဝန်ထမ်းဖွဲ့စည်းပုံဆိုသည်မှာ “ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း၊ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရက ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် ကြိုတင်ညှိနှိုင်း၍ ဖွဲ့စည်းထားသော ဝန်ထမ်းအဖွဲ့အစည်း၏ ဖွဲ့စည်းပုံကိုလည်းကောင်း ဆိုသည်" ဟု ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။ စီမံကိန်းနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ စိစစ်တင်ပြလျက်ရှိသော ဖွဲ့စည်းပုံများကို အမြဲတမ်းဖွဲ့စည်းပုံနှင့် ယာယီလုပ်ငန်းစီမံချက်အင်အား ဟူ၍ အမျိုးအစား(၂)မျိုးခွဲခြားထားကြောင်း တွေ့ရှိရပါသည်။ အမြဲတမ်းဖွဲ့စည်းပုံဆိုသည်မှာ အမြဲတမ်း တည်ရှိမည့်လုပ်ငန်းများအတွက် တောင်းခံသောဖွဲ့စည်းပုံဖြစ်ပြီး စံနှုန်းသတ်မှတ်ချက်ရှိသော ဖွဲ့စည်းပုံ များနှင့်စံနှုန်းသတ်မှတ်ချက်မရှိသော ဖွဲ့စည်းပုံများဟူ၍ ခွဲခြားထားပါသည်။ ယာယီလုပ်ငန်းစီမံချက် အင်အား သည် အမြဲတမ်းကာလအတွက်မဟုတ်ဘဲ တစ်စုံတစ်ခုသော ကာလအပိုင်းအခြားအတွက် ရာထူးတီထွင်၍ဝန်ထမ်းများ ခန့်အပ်ရန်အတွက် ယာယီဖွဲ့စည်းပုံဖြစ်ပါသည်။
ဝန်ထမ်းအမျိုးအစား
ဝန်ထမ်းအမျိုးအစားအနေဖြင့် အမြဲတမ်းဝန်ထမ်း၊ ပုံသေဝန်ထမ်း၊ ပုတ်ပြတ်ဝန်ထမ်းနှင့် နေ့စား ဝန်ထမ်း ဟူ၍ (၄)မျိုး ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။ အမြဲတမ်းဝန်ထမ်း ဟုဆိုရာတွင် ဖွဲ့စည်းပုံ အရ ခွင့်ပြုထားသော ရာထူးနေရာများ၌ ခန့်အပ်ထားသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်ပြီး အမြဲတမ်း ဝန်ထမ်းများ၏ လစာနှုန်းထား(၁၃)ဆင့်ရှိကြောင်းတွေ့ရှိရပါသည်။ ပုံသေဝန်ထမ်း ဟုဆိုရာတွင် လစား လပေးဝန်ထမ်းဖြစ်ပြီး ပုံသေလစာနှင့်ပုံသေခန့်အပ်တာဝန်ပေးအပ်ထားသည့် ဝန်ထမ်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျွမ်းကျင်သူ၊ အကြံပေးပုဂ္ဂိုလ်၊ အကြံပေးအရာရှိ၊ ပညာရှင်များ (ပညာရေး၊ ကျန်းမာ ရေး၊ သာသနာရေးနှင့်ယဉ်ကျေးမှု)၊ ကိုယ်ရေးအရာရှိများ(ချီးမြှင့်ငွေ၊ စရိတ်နှင့်အဆောင်အယောင် များ ဆိုင်ရာဥပဒေ)၊ ပစ္စည်းထိန်း၊ စားပွဲထိုး၊ စားဖိုမှူး စသည်ဖြင့်ပါဝင်သည်။ ပုတ်ပြတ်ဝန်ထမ်း ဟုဆိုရာတွင် လုပ်ငန်းတစ်ခုကိုအပြီးအပြတ်ဆောင်ရွက်မှုအတွက် လုပ်ခလစာအတိအကျသတ်မှတ် ပေးရသော ဝန်ထမ်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ မိမိအစီစဉ်ဖြင့်ခန့်အပ်ခြင်းနှင့်လုပ်ခလစာကို တစ်လစာနှုန်း၊အလုပ်ပမာဏအပေါ်မူတည်၍ အပြတ်ပေးခန့်ထားခြင်းဖြစ်ပါသည်။ နေ့စား ဟုဆိုရာ တွင် ကာလအပိုင်းအခြားမရှိဘဲ ကာလတိုအတွက် ခန့်ထားလိုသည့်ဦးရေကို အချိန်အကန့်အသတ် မရှိ ခန့်ထားနိုင်ပါသည်။ အလုပ်ချိန်တစ်နေ့(၈)နာရီအတွက် လုပ်ခကျပ် (၄၈၀၀) ခံစားသူများဖြစ်ပြီး လုပ်အားခနေ့စဉ် (သို့) အပတ်စဉ် (သို့) လစဉ်ထုတ်ပေးနိုင်ပါသည်။ ၎င်းနေ့စားအား ပုံသေတာ၀န် ချထားနိုင်ပြီး သက်ဆိုင်ရာ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့်ခန့်ထားနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အစိုးရဌာနများ၏ ဝန်ထမ်းခန့်ထားမှု လေ့လာဆန်းစစ်ချက်
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနအသီးသီးအတွက် (၃၁-၅-၂၀၂၂) ရက်နေ့အထိ အမြဲတမ်းဝန်ထမ်း ခွင့်ပြုအင်အားမှာ (၂၁၀၉၉၀၆)ဖြစ်ပြီး ခန့်ထားပြီးအင်အားမှာ(၉၁၈၅၈၇)ဖြစ်သဖြင့် ခန့်ထားရာခိုင် နှုန်းမှာ (၄၃.၅၃%)ခန့်ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဖွဲ့စည်းပုံ၏(၅၀%)အောက်သာရှိကြောင်း တွေ့ရှိ ရပါသည်။ အစိုးရအဖွဲ့အစည်းများတွင် ဝန်ထမ်းအမျိုးအစား(၄)မျိုးအလိုက် ခန့်ထားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်-
စဉ် |
ဝန်ထမ်းအမျိုးအစား |
ခွင့်ပြုအင်အား |
ခန့်အပ်ပြီးအင်အား |
ရာခိုင်နှုန်း(%) |
၁ |
အမြဲတမ်းဝန်ထမ်း |
၂၁၀၉၉၀၆ |
၉၁၈၅၈၇ |
၄၃.၅၃ |
2 |
ပုံသေဝန်ထမ်း |
- |
၅၀၈၂ |
|
၃ |
နေ့စားဝန်ထမ်း |
- |
၆၁၇၉၆ |
|
၄ |
ပုတ်ပြတ်ဝန်ထမ်း |
- |
၃၇၂၁၀ |
|
ကြုံတွေ့ရသော စိန်ခေါ်မှုများ
လတ်တလောကာလတွင် ကြုံတွေ့ရသောစိန်ခေါ်မှုများကို ဖွဲ့စည်းပုံဆိုင်ရာစိန်ခေါ်မှုများနှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ စိန်ခေါ်မှုဟူ၍(၂)ပိုင်း လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံဆိုင်ရာ စိန်ခေါ်မှုများမှာ ရာထူးနေရာအချို့တွင် အမှန်တကယ်လိုအပ်သည့်အရေအတွက်နှင့် ကိုက်ညီမှု မရှိခြင်း၊ ခေတ်စနစ်နှင့်မလျော်ညီသော ရာထူးနေရာများပါဝင်နေခြင်း၊ ဝန်ကြီးဌာနအားလုံး ရာထူး အခေါ်အဝေါ်နှင့် လစာနှုန်းထားများ တပြေးညီမရှိခြင်း၊ လူ့စွမ်းအားအရင်းအမြစ်အတွက် သီးခြား ဌာနများ ပီပြင်စွာဖွဲ့စည်းဆောင်ရွက်မှုမရှိခြင်း၊ ဝန်ကြီးဌာနများ၏ လက်ရှိဖွဲ့စည်းပုံများသည် ရည်မှန်း ချက်တာဝန်များနှင့် လိုက်လျောညီထွေဖြစ်သော ဖွဲ့စည်းပုံဖြစ်စေရေး ပြန်လည်သုံးသပ်ရန်လိုအပ် ခြင်း၊ ဝန်ကြီးဌာနများ၏ လက်ရှိခန့်ထားသောအင်အားသည် မိမိရည်မှန်းချက်တာဝန်အပေါ် အကောင် အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေကို ပြန်လည်သုံးသပ်ရန် လိုအပ်လျက်ရှိပါသည်။
မူဝါဒများချမှတ်ရန်လိုအပ်
ဝန်ထမ်းများ၏ သက်သာချောင်ချိရေး၊ လူမှုဖူလုံရေး၊ အခြေခံစားဝတ်နေရေး လိုအပ်ချက်များ အတွက်လုံလောက်သော လုပ်ခလစာများ၊အထောက်အပံ့များ ဖြည့်ဆည်းပေးခြင်းဖြင့် မိမိတို့၏လုပ်ငန်း တာဝန်များအပေါ်တွင် စိတ်ရောကိုယ်ပါပါဝင်လုပ်ကိုင် ဆောင်ရွက်ကြမည်ဖြစ်ပါသည်။ ဝန်ထမ်းများ အား လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခြင်း၊အသိအမှတ်ပြုခြင်း၊ မက်လုံးပေးခြင်း၊ဆုပေး/ဒဏ်ပေးစနစ် ကျင့်သုံးခြင်းဖြင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင်ပျော်ရွှင်ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြင့်တက်လာမည်ဖြစ်ပါသည်။ ဝန်ထမ်းအဖွဲ့အစည်း စဉ်ဆက်မပြတ်တိုးတက် အောင်မြင်စေရေးနှင့် ရေရှည်တည်တံ့ခိုင်မားစေရေးအတွက် စွမ်းအားမြှင့်တင်ပေးခြင်း၊ အင်အား ဖြည့်တင်းပေးခြင်းနှင့်တည်ငြိမ်စေခြင်း (ဝန်ထမ်းအပြောင်းအလဲဖြစ်ပေါ်မှုနည်းခြင်း)တို့သည် အဓိက ကျပါသည်။
ဤသို့လေ့လာတွေ့ရှိရ
အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်အပေါ် အထောက်အကူပြုစေမည့် ဝန်ထမ်းဖွဲ့စည်းပုံ နှင့် ဝန်ထမ်းခန့်ထားခြင်းဆိုင်ရာ မူဝါဒထွက်ပေါ်လာစေရေးအတွက် လုပ်ငန်းသဘောသဘာဝနှင့် အလုပ်ပမာဏအပေါ်အခြေခံ၍ သင့်တင့်သည့်အင်အားဖြင့် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုပေးနိုင် ရန် လက်ရှိဝန်ထမ်းဖွဲ့စည်းပုံကိုစိစစ်ပြီး လိုအပ်ပါကဖွဲ့စည်းပုံအသစ်ကို ပြန်လည်ရေးဆွဲကျင့်သုံးခြင်း နှင့် Job Analysis and Workload Analysis Survey များမှ အချက်အလက်များကို သုံးသပ်၍ ကျစ်လစ်ခိုင်မာသော ဝန်ထမ်းဖွဲ့စည်းပုံအသစ် ရေးဆွဲပြုစုရန်လိုအပ်ပါသည်။ အရည်အချင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ရှိသည့်ဝန်ထမ်းများကို လူမှန်နေရာမှန်ခန့်အပ်တာဝန်ပေးအပ်ခြင်းအားဖြင့် Over Workload ၊ Extra Workload ၊ Time Pressure ၊ Error Rate ၊ Job Dissatisfaction ၊ Intention to Leave စသည်တို့ လျော့ချနိုင်ခြင်း၊ ပညာအရည်အချင်းနှင့်လုပ်ငန်း အတွေ့အကြုံ ကိုသာ အဓိကထားရွေးချယ်ခန့်အပ်ခြင်းမပြုဘဲ Attitude၊ Aptitude၊ Altitude ဆန်းစစ်ပြီးမှသာ ရွေးချယ်ခန့်ထားခြင်း၊ ဝန်ထမ်းများခန့်အပ်ရာတွင် ရာထူးဝင်ပေါက်တွင် ပရိုဖက်ရှင်နယ်အလိုက် ပညာရှင်များအား တပြေးညီလစာနှုန်းထားဖြင့် ရာထူးခန့်အပ်ရန်လိုအပ်ခြင်း၊ ရာထူးအဆင့် မတူ သော်လည်း လစာနှုန်းတူနေခြင်းများအတွက် ပြန်လည်စဉ်းစားသင့်ပါသည်။
ညိုညိုဝင်း(ကျေးလက်ဦးစီး)