ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မဲကင်ကျေးရွာအုပ်စု၊ ဝမ်မိုင်ကျေးရွာ၌ ကျေးလက်ရေရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးငြိမ်းထွန်းကျော်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့် ကုမ္ပဏီမှ တာဝန်ရှိသူများသည် ဝမ်မိုင်ကျေးရွာတွင် ကျေးလက်ရေရှိရေးအတွက် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၆ပေရှိ ဂါလံ ၅၀၀၀ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ ရေပိုက်သွယ်တန်းခြင်း ၃ မိုင်နှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိ ရပ်မိ ရပ်ဖများ၊ကျေးရွာရေပေးရေးကော်မတီဝင်များ၊ကျေးရွာသူ/သားများနှင့်တွေ့ဆုံကာ ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့အောင် ကျေးရွာသူ/သားများက ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ဝမ်မိုင်ကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ၅၉ ဒဿမ ၈၄၂၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟန်လင်းဦးကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာရှိ အိမ်ခြေ ၉၀ ၊ လူဦးရေ ၄၃၇ ဦးတို့အတွက် သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာရရှိတော့မည် ဖြစ်ကြောင်း မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှသိရသည်။