ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ရည်ရွယ်၍ ကြခတ်ချောင်းကျေးရွာအုပ်စု၊ အုန်းတပင် ကျေးရွာ၌ ကျေးရွာမတည်စီမံကိန်းရန်ပုံငွေ တတိယအကြိမ်ထုတ်ချေးခြင်းကို ဩဂုတ်လ(၁၅)ရက် နံနက်ပိုင်းတွင် အုန်းတပင်ကျေးရွာ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာကြာအင်းဆိပ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်း တာဝန်ခံ ဦးခိုင်မင်းမှ လုပ်ကွက်ငယ်တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစား စီးပွားရေးလုပ်ကိုင်သူများအတွက် လိုအပ်သောငွေကြေးအရင်းအနှီးများဖြင့် မိသားစုဝင်ငွေတိုး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်၊ မိသားစုစားဝတ်နေရေးအခက်အခဲများ လျော့နည်းစေရန် ရည်ရွယ်၍ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ကြာအင်းဆိပ်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်း တာဝန်ခံ ဦးခိုင်မင်းနှင့် ဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်အတူ အုန်းတပင်ကျေးရွာမှ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၂၉)ဦးကို ငွေကျပ် (၁၆)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၁၁)ဦးကို ငွေကျပ် (၃.၇)သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၄)ဦးကို ငွေကျပ် (၂.၁) သန်း စုစုပေါင်း (၄၄)ဦးအား ငွေကျပ်(၂၁.၈)သန်းကို တောင်သူတစ်ဦးချင်းလက်ဝယ်အရောက် ထုတ်ချေး ပေးကြောင်း သိရသည်။