သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပူလွဲပူကျေးရွာအုပ်စု ဘိုတဲကျေးရွာတွင်မြစိမ်းရောင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများ ကို ဩဂုတ် ၁၃ ရက် နံနက် ၁၀နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးနေဝင်းနှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ဘိုတဲကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများနှင့် ငွေစာရင်းပုံစံများ လအလိုက်ဖြည့်သွင်းထားရှိမှုတို့ကို စစ်ဆေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးနေဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဘိုတဲကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဘိုတဲကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်း၊ အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၁၀၉ ဦးအား ငွေကျပ် ၃၅၁ သိန်း ထုတ်ချေးပေးထားကြောင်း သိရသည်။