ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရခွင့်ပြုရန်ပုံငွေကျပ် ၄၃၁၇သိန်းဖြင့် မှော်ကန် ကျေးရွာ၌ တင်ဒါအောင် White ELE Trading ကုမ္ပဏီက ကုန်ထုတ်လမ်းခင်းမည်ဖြစ်ပါသည်။
အဆိုပါလမ်းသည်အရှည်ပေ ၁၂၀၀၀ရှိပြီး ၁၈ပေအကျယ်၊ ဒုနှစ်ပေ(တောင်မြေ)ခင်းပြီး လမ်းပေါ်တွင် ၁၂ပေအကျယ်၊ ဒုကိုးလက်မဂဝံခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်ပါသည်။
လုပ်ငန်းခွင်သို့ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ)ဦးညွန့်ဇော်နှင့်အဖွဲ့သည် သြဂုတ်လ ၉ရက် မွန်းတည့်၁၂နာရီက သွားရောက်ခဲ့ပြီး လမ်းနယ်နိမိတ်သတ်မှတ်အတိုင်းအတာ ဆောင်ရွက် ထားခြင်းရှိမရှိနှင့် Box Culvert ငါးစီးဆောင်ရွက်မည့် သတ်မှတ်နေရာတို့ကို ကွင်းဆင်းတိုင်းတာ စစ်ဆေးခဲ့ကာ လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အဆိုပါ ကုန်ထုတ်လမ်းပြီးစီးသွားပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး သွားလာ ရေး အဆင်ပြေကာ ကျေးရွာနေပြည်သူများ၏ လယ်ယာထုတ်ကုန်ပစ္စည်းများကို စျေးကွက် အတွင်းသို့ အချိန်နှင့်တပြေးညီ တင်ပို့ရောင်းချနိုင်မည်ဖြစ်သဖြင့် ကျေးရွာနေပြည်သူများ၏ လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။