မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် Village Revolving Fund Project (VRFP) စီမံကိန်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာ ၁၇ ရွာ၌ တတိယအကြိမ်မြောက်အဖြစ် ကျေးရွာမတည်ရန်ပုံငွေကို ထုတ်ချေးပြီးစီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပြည်သူများလူမှုစီးပွားထိခိုက်မှုများဖြစ်ပေါ်နေပြီး ဒေသခံတောင်သူများ အသေးစား စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ပြန်လည်တင်နိုင်ရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာနှစ်မှ စတင်၍ Village Revolving Fund Project (VRFP) စီမံကိန်းကို ရန်ပုံငွေကျပ်သိန်း ၄၈၀၀ ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၁၇ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ယင်းစီမံကိန်းရန်ပုံငွေများပေးအပ်ရာတွင် ကျေးရွာအတွင်းရှိ အိမ်ခြေ အနည်းအများအလိုက် ရန်ပုံငွေများကို ပေးအပ်ခြင်းဖြစ်သည်။ အဆိုပါစီမံကိန်း ရန်ပုံငွေ ဖြင့် မြို့နယ်အတွင်းရှိ ဖိုးပျော်တော၊ အိုးအိုင့်ကုန်း၊ ကြိုးစု၊ အိုင့်ကုန်း၊ သဘွက်ကုန်း၊ ဆူးရစ်တန်း၊ လက်ပံ့အိုင့်၊ ရွာသစ်၊ ဖက်တော၊ ဝါးရုံစု၊ ဥသျှစ်ကုန်း၊ အုတ်ဖို၊ ကန်နီအရှေ့၊ ကံခြားမြောက်၊ ထနောင်ပင်တဲ၊ သံဘို၊ ဂွေးတောက်ကန်ကျေးရွာတို့မှ ဒေသခံပြည်သူများ ကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်နှင့် ဝန်ထမ်းများက ကျေးရွာများအရောက် ကွင်းဆင်း၍ တတိယအကြိမ်မြောက်အဖြစ် ထုတ်ချေးပေးခြင်းဖြစ်ရာ ယခုဆိုလျှင် ၎င်းစီမံကိန်းရန်ပုံငွေများကို ထုတ်ချေးပြီးစီးနေပြီ ဖြစ်သည်။
မိတ္ထီလာမြို့နယ်အတွင်း၌ (VRFP) စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာ ၁၇ ရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၉၀၃ ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၂၅၆ ဦး၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၆ ဦးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ ၇ ဦးရှိကြောင်း သိရသည်။