ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ဖာပွန်မြို့နယ် ကမမောင်းမြို့ ကိုးနဝင်းဘုန်းတော်ကြီးကျောင်း၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် မိသားစုဝင်ငွေတိုးပွား စေရန် ရည်ရွယ်ကာ ဖွင့်လှစ်ပို့ချလျက်ရှိသော အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း စာတွေ့လက်တွေ့သင်ကြားနေမှု အခြေအနေများကို ဖာပွန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၈ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဖာပွန်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ဝင်း၊ ဖာပွန် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေနှင့် ဝန်ထမ်းများက ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုဆိုင်ကယ်ပြင်သင်တန်းတွင် သင်တန်းသားများ စာတွေ့လက်တွေ့ သင်ကြားနေမှု အခြေအနေများကို ကြည့်ရှုအားပေးပြီး သင်တန်းသားများအနေဖြင့် သင်တန်းတွင်ပို့ချခဲ့သော ဘာသာရပ်များ စနစ်တကျလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အသုံးချကြစေလိုကြောင်းဆွေးနွေးမှာကြားပါသည်။
အဆိုပါ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းကို ဖာပွန်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၀ ဦးဖြင့် ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းများကို ဇွန်လ ၁၆ ရက်နေ့စတင်ကာ တစ်လကြာ စာတွေ့လက်တွေ့ အခမဲ့ ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိကြောင်း ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်းဆွေကပြောပြ၍ သိရသည်။