ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာဖြစ်သည့် သားမိုးတောင်(အောက်)ကျေးရွာအား စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေ နဝမအကြိမ် ထုတ်ချေးပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ချေးပေးရာတွင် သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများထုတ်ချေးပေးခြင်းဖြစ်ကြောင်းပြောကြားပြီး ကျေးရွာကော်မတီဝင်များအား ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရန်ပုံငွေများ စနစ်တကျ လွှဲပြောင်းပေးအပ်ကြပါသည်။
ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း နဝမအကြိမ်အဖြစ် သံတောင်ကြီးမြို့နယ် သားမိုးတောင်(အောက်)ကျေးရွာရှိ စိုက်ပျိုးရေး လုပ်ကိုင်သူ ၇၆ ဦး၊ မွေးမြူရေးလုပ်ကိုင်သူ ခုနစ်ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ ၂၆ ဦး စုစုပေါင်း အသင်းသား ၁၀၉ ဦး ကို အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၃၃ သိန်းအား ကျေးရွာစီမံကိန်းရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များက နေ့ချင်းပြီး ထုတ်ချေးပေးခဲ့ကြောင်း သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ပြောပြ၍ သိရသည်။