သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မင်းလက်ပံကျေးရွာ၌ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် တာဝန်ခံဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ မင်းလက်ပံ ကျေးရွာ ၌ ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆွေးနွေးမှာကြားပါသည်။
အဆိုပါ မင်းလက်ပံကျေးရွာ ကျေးရွာပတ်လမ်း အရှည် ၄၈၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ခြောက်လက်မထု ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၁၄ ဒသမ ၉၆ သန်းဖြင့် ရတနာဌေးကြွယ် ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးရွာပတ်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၅၀၀ အိမ်၊ လူဦးရေ ၂၇၃၀ ဦး တို့အတွက် ရာသီမရွေးသွားလာရေး အဆင်ပြေနိုင်မှာဖြစ်ကြောင်း သိရသည်။