မြစ်သား ဇူလိုင် ၂၃
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစ်သားမြို့နယ် အတွင်း မက္ခရာကျေးရွာနှင့် သီးကုန်းကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်နှင့် တာဝန်ရှိသူများက ကျေးရွာကုန်ထုတ်လမ်းကော်မတီဝင်များ နှင့်အတူ မက္ခရာကျေးရွာနှင့် သီးကုန်းကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေ များကို ကြည့်ရှု့စစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက် သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မက္ခရာကျေးရွာ ကုန်ထုတ်လမ်းအရှည် ၆ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ပေ ၉လက်မ မြေသားတင်ချင်းခင်းခြင်းနှင့် သီးကုန်းကျေးရွာ ကုန်ထုတ်လမ်း အရှည် ၁မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ပေ ၉လက်မ မြေသားတင်ချင်းခင်းခြင်းလုပ်ငန်းများကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၂၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဝေထိုက်အောင် ကုမ္ပဏီနှင့် Black leopard ကုမ္ပဏီတို့က ယခုနှစ်ဇွန်လ ပထမပတ်မှ စတင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်ပြီးစီးပါက ကျေးရွာ ၂ရွာရှိ အိမ်ခြေ ၄၂၂ အိမ်၊ လူ ၁၄၆၂ ဦးတို့၏ စိုက်ပျိုးမြေဧက ၁၀၀၀ ကျော်မှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်မည်ဖြစ် ကြောင်း သိရသည်။
မောင်စိုင်