ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိစေရန် ရည်ရွယ်၍ ဝမ်မိုင်ကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုင်းတုံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းအောင်မျိုးထက်နှင့် တာဝန်ရှိသူများက ကျေးရွာရေရရှိရေး ကော်မတီဝင်များ နှင့်အတူ ဝမ်မိုင်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြား သည်။
ဝမ်မိုင်ကျေးရွာတွင် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ် ၅၉ ဒဿမ ၈၄၂၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ဟန်လင်းဦးကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက် ရှိပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိအိမ်ခြေ ၉၀ မှ လူ ၄၃၇ ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန် များအတွက် သောက်သုံးရေအခက်အခဲများအဆင်ပြေသွားမည် ဖြစ်ကြောင်းသိရသည်။