သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မဲကနယ်ကျေးရွာအုပ်စု အပြင်မဲကနယ်ကျေးရွာတွင် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂နာရီတွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးငွေစိုး နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက အပြင်မဲကနယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းများနှင့် ငွေစာရင်းပုံစံများ လအလိုက်ဖြည့်သွင်းထားရှိမှုတို့ကို စစ်ဆေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးနေဝင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အပြင်မဲကနယ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ အပြင်မဲကနယ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၄၈ ဦးကို ငွေကျပ် ၃၉၅ သိန်း ထုတ်ချေး ပေးထားကြောင်း သိရသည်။