Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မကွေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းပေါင်း ၇၁ ကြိမ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

08 July 22

မကွေးတိုင်းဒေသကြီးအတွင်း အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းပေါင်း ၇၁ ကြိမ် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိ

မကွေး  ဇူလိုင် ၈ ရက်

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ စွမ်းဆောင်ရည်များ မြှင့်တင်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ရည်ရွယ်ပြီး အသက်မွေး ဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ မကွေးတိုင်းဒေသကြီးမှာ ယခု ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်အတွင်း သင်တန်းကြိမ်ရေ (၇၁)ကြိမ် ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း သိရသည်။ 

“ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်ရည်မှန်းကာ ကျေးလက်နေပြည်သူများ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစက်မှု၊ လက်မှုကုန်ထုတ်လုပ်ငန်းများ အပါအဝင် အသက်မွေးဝမ်းကျောင်းအထောက်ကူ ပြုသင်တန်းများကိုလည်း ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ကျွန်တော်တို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအတွက် လိုအပ်နေသည့်သင်တန်း၊ ဒေသနှင့်ကိုက်ညီသည့်သင်တန်းများ ဥပမာ-စက်ချုပ်သင်တန်း၊ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊ လက်သမား၊ ပန်းရံသင်တန်း၊ သဘာဝမြေဩဇာထုတ်လုပ်နည်း သင်တန်း၊ မုန့်လုပ်နည်းသင်တန်း အစရှိသည့်သင်တန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များ၊ ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ ခေါ်ယူပြီး သင်ကြား ပို့ချလျက်ရှိကြောင်း” မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမောင် ပြောပြာချက်အရ  သိရသည်။

ယခုဘဏ္ဍာရေးနှစ်မှာ မကွေးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်း(၁၁)ကြိမ်၊ လျှပ်စစ်ဆိုင်ရာသင်တန်းသင်တန်း (၁၁)ကြိမ်၊ လက်သမား၊ပန်းရံသင်တန်း (၁၀)ကြိမ်၊ စက်ချုပ်သင်တန်း (၁၂)ကြိမ်၊ မုန့်လုပ်နည်းနှင့် လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း (၂၀)ကြိမ်၊ အခြားသင်တန်း (၇)ကြိမ်၊ စုစုပေါင်း (၇၁)ကြိမ် သင်ကြားပို့ချလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၃-၂၀၁၄ခုဘဏ္ဍာရေးနှစ်မှ စ၍ ၂၀၂၁-၂၀၂၂ခု (၆)လ ဘဏ္ဍာရေးနှစ်အထိ အသက်မွေးဝမ်းကျောင်းအထောက်ကူပြုသင်တန်းပေါင်း အကြိမ်ရေ (၅၅၀)ကျော် သင်တန်းသားဦးရေ (၁၃၇၀၀)ကျော် ဖွင့်လှစ်ပို့ချနိုင်ခဲ့ကြောင်း သိရသည်။

မယ်သင်း