မကွေးတိုင်းဒေသကြီးဦစီးမှူးမှ မင်းဘူးမြို့နယ်အတွင်း ကျေးရွာ နှစ်ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မကွေး ဇူလိုင် ၅
၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အင်ပင်လှကျေးရွာ ကုန်ထုတ်လမ်းနှင့် အလံပါယ်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှုအခြေ အနေများကို ဇူလိုင်လ ၄ ရက် နေ့လယ်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးမောင်နှင့် မြို့နယ်အဆင့် တာဝန်ရှိများက အင်ပင်လှကျေးရွာ ကုန်ထုတ်လမ်းနှင့် အလံပါယ်ကျေးရွာ ကုန်ထုတ်လမ်း၊ တံတားဆောင်ရွက်မှု ကွင်းဆင်းကြီးကြပ်ခဲ့ရာ တာ၀န်ယူဆောင်ရွက်သော သက်ဆိုင်ရာကုမ္ပဏီ၊ တာ၀န်ခံအင်ဂျင်နီယာမှ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ် များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ရာသီမရွေး ဈေးကွက်သို့ အလွယ်တကူ သယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ တောင်တွင်းကြီးမြို့နယ်အတွင်း အင်ပင်လှကျေးရွာ၌ အရှည် ၁၂၅၄၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ် ခင်းခြင်းလုပ်ငန်အား ပြည်ထောင်စုရန်ပုံငွေကျပ် ၆၈ ဒသမ ၇၈၃၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ ရွှေမန်းကုမ္ပဏီကလည်းကောင်း၊ အလံပါယ်ကျေးရွာ၌ အရှည် ၅၂၈၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်ခင်းခြင်းလုပ်ငန်းနှင့် Pipe Culvert လေးစင်း တည်ဆောက်ခြင်း လုပ်ငန်းတို့အား ပြည်ထောင်စုရန်ပုံငွေကျပ် ၃၀ ဒသမ ၄ သန်းဖြင့် တင်ဒါအောင်မြင်သည့် အောင်ဇေ ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမောင်ထံက သိရသည်။
မယ်သင်း