Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

စလင်းမြို့နယ် အနောက်ကန်ဘောင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်

12 July 22

စလင်းမြို့နယ် အနောက်ကန်ဘောင်ကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်
*********************************
စလင်း ဇူလိုင် ၁၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်း၍ အနောက်ကန်ဘောင်ကျေးရွာအုပ်စု၊ အနောက်ကန်ဘောင်ကျေးရွာ၌ ကျေးလက်နေတောင်သူများ အတွက် ''စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်း"ဖွင့်ပွဲကို ဇူလိုင် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျေးရွာ ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပထမဦးစွာ စလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးစိုးခိုင်က  စလင်းမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်သော မြို့နယ်ဖြစ်၍ ဒေသခံတောင်သူများ မြေမှန်၊ မျိုးမှန်၊ နည်းစနစ်မှန်မှန်ဖြင့် စိုက်ပျိုး၊ မွေးမြူနိုင်ပါက သီးနှံများ ပိုမိုဖြစ်ထွန်းပြီး အကျိုးအမြတ်ပိုမိုရရှိကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် မျှော်မှန်း၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်လင်းက သင်တန်းတွင် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းများကို စာတွေ့လက်တွေ့ဖြင့် တောင်သူများ မြေပြင်တွင် အမှန်တကယ် အသုံးချနိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သီးနှံများ စိုက်ပျိုးရာတွင် လိုက်နာသင့်သည့် ဆောင်ရန် ရှောင်ရန်အချက်များကိုလည်း တောင်သူများ နားလည်သဘောပေါက်အောင် ဆွေးနွေးဟောပြောပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာအသိပညာပေးသင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးနည်းစနစ်များ၊ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုနိုင်သည့် သဘာဝဓာတ်မြေသြဇာပြုလုပ်နည်းများ၊ မွေးမြူရေးနည်းစနစ်များနှင့် တိရစ္ဆာန်များ ကာကွယ်ဆေးထိုးနည်းတို့ကို စာတွေ့လက်တွေ့ဖြင့် ဇူလိုင် ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အနောက်ကန်ဘောင်ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသူသင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ကြောင်း စလင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး