ချောက်မြို့နယ် ကြီးနီခေတ်မီစံပြကျေးရွာ၌ Cash For Work စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းပြုလုပ်
****************************
ချောက် ဇူလိုင် ၈
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ် ၁၉ ကာလအတွင်း အလုပ်အကိုင်ရှားပါးသော ကျေးလက်နေပြည်သူများ လုပ်အားခဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့် ကြီးနီခေတ်မီစံပြကျေးရွာ၌ Cash For Work စီမံကိန်း(CFW) မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မေသက်နိုင်က Cash For Work စီမံကိန်း(CFW) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်း၏ သဘောသဘာဝ၊ စီမံကိန်းလက်စွဲပါဆောင်ရန် ရှောင်ရန်အချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီ ရွေးချယ်ရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်းပြောကြားပြီး ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန CFW စီမံကိန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးစိုးလွင်က Cash For Work စီမံကိန်းလုပ်ငန်းခွဲရွေးချယ်ရာတွင် လိုက်နာရန်အချက်များ၊ အကျုံးဝင်သောစီမံကိန်းလုပ်ငန်းခွဲများနှင့် အကျုံးမဝင်သောစီမံကိန်းလုပ်ငန်းခွဲများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသော ကျေးရွာသူကျေးရွာသားများ၏ အများသဘောဆန္ဒဖြင့် ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင် ခုနှစ်ဦးကို ရွေးချယ်ခဲ့ကြောင်းသိရသည်။
ချောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ် ၁၉ ကာလအတွင်း အလုပ်အကိုင်ရှားပါးသော ကျေလက်နေပြည်သူများအား ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာလူထုကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခရရှိစေရန် Cash For Work စီမံကိန်းကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ချောက်မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်ထံမှ သိရသည်။
အထွေး