စေတုတ္တရာမြို့နယ် မကြီးစုကျေးရွာ၌ ရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
*********************************
စေတုတ္တရာ ဇူလိုင် ၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စဥ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်(၆) (SDG 6) နှင့်အညီ ကျေးလက်နေပြည်သူများ ဘေးကင်းလုံခြုံသော သောက်သုံးရေရရှိရေးအတွက် ယခုဘဏ္ဍာရေးနှစ်တွင် စေတုတ္တရာမြို့နယ်၊ မကြီးစုကျေးရွာ၌ ပြည်ထောင်စုရန်ပုံငွေ ကျပ် ၁၁ ဒသမ ၅ သန်း အသုံးပြု၍ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ဇူလိုင် ၇ ရက်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းဇော်ထွန်း၊ ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ တာဝန်ရှိသူများသည် မကြီးစုကျေးရွာသောက်သုံးရေရရှိရေကော်မတီဝင်များနှင့်အတူ လက်တူးတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကျေးရွာရေရရှိရေးကော်မတီဝင်များအား ရေရရှိရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးပါက စနစ်တကျ သုံးစွဲကြရန် မှာကြားသည်။
စေတုတ္တရာမြို့နယ်၊ မကြီးစုကျေးရွာတွင် ၄ ပေအကျယ်၊ ၂၅ ပေ အနက် လက်တူးတွင်းတူးဖော်ခြင်း၊ အလျား ၁၀ ပေ အနံ ၈ ပေ အမြင့် ၈ ပေ ရေစက်ရုံတည်ဆောက်ခြင်း၊ ရေပိုက်လိုင်း ၁၅၀၀ ပေ သွယ်တန်းခြင်း၊ ၂၅ ကောင် အင်ဂျင်နှင့် ၆ ထပ်ပန့်တပ်ဆင်ခြင်း နှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ချင်းတိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ဇွန် ဒုတိယပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း စေတုတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး