ပခုက္ကူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်
*******************************
ပခုက္ကူ ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) စီမံချက်ရေးဆွဲနည်းသင်တန်းဖွင့်ပွဲကို ဇူလိုင် ၅ ရက်နေ့ နံနက် ၉ နာရီက ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းနိုင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသန့်ဇင်ထွန်းက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံချက်ရေးဆွဲနည်းများ သင်ကြားပို့ချရာ၌ သင်တန်းသားများအနေဖြင့် သေချာကြိုးစားလိုက်နာမှတ်သားကြရန်၊ ကျေးရွာဖွံ့ဖြိုးရေးကော်မတီမှ မိမိတို့ကျေးရွာဆိုင်ရာ အချက်အလက်များအား မှန်ကန်စွာ စာရင်းကောက်ယူပြီး စီမံချက်စာအုပ်ဖြစ်မြောက်အောင် ဆောင်ရွက်ကြရန်၊ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ကျေးရွာသူ ကျေးရွာသားများမှ ကိုယ်တိုင်ဖော်ထုတ်ပြီး ဖွံ့ဖြိုးရေးအစီအစဥ်များ ရေးဆွဲရန်ဖြစ်သောကြောင့် ယင်းစီမံချက်ရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းသို့ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆောင်ရွက်မည့် ကွန်းရွာကျေးရွာ၊ ရွှေတန့်တစ်ကျေးရွာ၊ အောင်သာကျေးရွာ၊ ဇီးကုန်းကျေးရွာနှင့် ကျည်းပင်ခုံကျေးရွာတို့မှ သင်တန်းသူသင်တန်းသား ၁၅ ဦးတက်ရောက်ခဲ့ပြီး ဇူလိုင် ၅ ရက်နေ့မှ ၆ ရက်နေ့ထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထွန်းထံမှ သိရသည်။
အထွေး