ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲကျင်းပ
*******************************
စေတုတ္တရာ ဇူလိုင် ၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးပြီး ခေတ်မီစံပြကျေးရွာ(Smart Village)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ်၊ သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ''ဆိုင်ကယ်ပြင်သင်တန်း"ဖွင့်ပွဲကို ဇူလိုင် ၅ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းမြတ်သိန်းက ထပ်ဆင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးလှဌေးမောင်က တက်ရောက်လာကြသော သင်တန်းသား ၁၀ ဦးအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး စာတွေ့သင်ကြားပို့ချနေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ပွင့်ဖြူမြို့နယ်သရက်အုပ်ကျေးရွာအုပ်စု၊ စံပြကျေးရွာ၌ ဖွင့်လှစ်သည့် ဆိုင်ကယ်ပြင်ဆက်သင်တန်းကို ဇူလိုင် ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ၅ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ပြီး စံပြကျေးရွာမှ သင်တန်းသား ၁၀ ဦး တက်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အထွေး