မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်မည့်လမ်းပိုင်းအား ဇူလိုင်လ ၁၁ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ် သရက်ပင်အုပ်စု၊ သရက်ပင်(အရှေ့)ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ Cash For Work စီမံကိန်းဖြင့် ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါကျေးရွာတွင် လမ်းဂျင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့် လမ်းပိုင်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှ ဦးစီးအရာရှိ ဒေါ်သီတာခိုင် နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီများနှင့် တွေ့ဆုံ၍ သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ခဲ့ကြောင်း သိရ သည်။
Cash For Work စီမံကိန်းဖြင့် ကျေးရွာအား ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀၀ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ကိုဗစ်ကာလအတွင်း ဝင်ငွေနည်းကျေးလက်ပြည်သူများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်း၊ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Cash For Work စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။