မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေကျပ် ၁၄၇ သန်းကျော် ဖြင့် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင် ရာတွင် အဆင်ပြေစေရန် ဆောင်ရွက်လျက်ရှိသည့်ကျေးလက်ကုန်ထုတ် လမ်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ သိရသည်။
မန္တလေးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဒေါ်ဝင့်ဝါဖြူ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အိအိမြတ်နှင့် တာဝန်ရှိသူများ သည် မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးနှင့် ၎င်း၏ ကြီးကြပ်မှု အောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည် မြို့နယ်များတွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ် (၃)လပတ်အတွင်း ဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် စာရင်းဇယားများကို ဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ယင်းနောက် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာနှစ် ငွေလုံးငွေရင်း (မူလ)ရန်ပုံငွေ ကျပ် ၁၀၅ ဒဿမ ၃၄၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ထွန်းငွေခိုင်ကုမ္ပဏီမှ တာဝန်ယူပြီး ခါးတက္ကန်ကျေးရွာ မြောက်ဘက်ကွင်းအမှတ် (၁၂၃၉)သို့ သွားသော ကုန်ထုတ် လမ်း အရှည် ၁ မိုင် ၇ ဖာလုံရှိ လမ်းကို မြေသားတင်ဂျင်းလမ်းခင်းခြင်းလုပ်ငန်းနှင့် သာစည် မြို့နယ်တွင် ငွေလုံးငွေရင်း(မူလ)ရန်ပုံငွေကျပ် ၄၂ ဒဿမ ၁၃၅ သန်းဖြင့် တင်ဒါအောင်မြင်သည့် လင်းလတ်ပိုင်ကုမ္ပဏီမှ တာဝန်ယူပြီး မရွေးကျေးရွာမှ တောင်ဘက်ကွင်းအမှတ် (၁၈၇၀)သို့ ဆက်သွယ်သောကုန်ထုတ်လမ်း အရှည် ၀/၆ မိုင်ရှိ လမ်းအား မြေသားတင်ဂျင်းလမ်းခင်းခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် အရည်အသွေးပြည့်မီစေရေး အတွက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။