Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

လှည်းကူးမြို့နယ်၊ တောင်တလုတ်ရေကျော်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

08 July 22

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ(၄)ရက် နံနက်ပိုင်းတွင် တောင်တလုတ်ရေကျော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့ပါသည်။

            အဆိုပါအခမ်းအနားကို မြောက်ပိုင်းခရိုင်​ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင် ဦးစီးမှူး ဦးဘသိန်းမှ သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုး က သင်တန်းဖွင့်လှစ်သင်ကြားပေးရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ၊ မြောက်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(နည်းပညာ) ဦးရဲဇော်ထွန်းမှ သင်ကြားမည့်ဘာသာရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် လူသုံးကုန်ပစ္စည်းဖြစ်သည့် ဆပ်ပြာပြုလုပ်နည်းအဆင့်ဆင့်ကို စာတွေ့၊ လက်တွေ့ များဖြင့် ကိုယ်တိုင်ထုတ်လုပ်နိုင်သည်အထိ သင်ကြားပေးသွားမည်ဖြစ်ကာ တောင်တလုတ်ရေကျော်ကျေးရွာ နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သင်တန်းသား/သူ(၁၅)ဦး တက်ရောက်၍ သင်တန်းကာလမှာ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ (၅) ရက်ဖြစ်ကြောင်းသိရသည်။