Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကံရိုးကျေးရွာ၌ စီမံကိန်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းဆောင်ရွက်

28 June 22

မြစ်သား ဇွန် ၂၆

              မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကံရိုးကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)မိတ်ဆက်ခြင်း နှင့်ကော်မတီဖွဲ့စည်း ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

           ရှေးဦးစွာ မြစ်သားမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင် က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) သည် ကျေးရွာလိုအပ်ချက် ကို ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ရွေးချယ်ခြင်း၊ ဆုံးဖြတ်ခြင်း၊ အကောင်အထည် ဖော်ခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းစနစ်ဖြင့် ဆောင်ရွက်ခွင့်ရသောစီမံကိန်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

         ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက VDP စီမံကိန်း ကော်မတီဝင်များ ရွေးချယ်ဖွဲ့ စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊စီမံကိန်းလုပ်ငန်းများ ရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ရှင်းလင်းပြောကြားသည်။   

         ထို့နောက် တက်ရောက်လာကြသည့် ရပ်မိရပ်ဖများ ကျေးရွာသူ၊ကျေးရွာသားများက VDP စီမံကိန်းကော်မတီဝင်ခုနှစ်ဦးကို အများသဘောဆန္ဒနှင့်အညီရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

         မြစ်သားမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင်  VDP စီမံကိန်းကို ကံရိုးကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာ၌ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာ တစ်ရွာလျှင် စီမံကိန်းရန်ပုံငွေကျပ်  သိန်း ၁၀၀စီနှင့် ပြည့်သူထည်ဝင်ငွေများအသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ကျေးရွာသူ/ကျေးရွာသားများကိုယ်တိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

                                                                                                          မင်းမြင့်မိုရ်