သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပူလွဲပူကျေးရွာအုပ်စု၊ သဲပုံကျေးရွာ၌ သတ္တမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေများ ထုတ်ချေးခြင်းကို (၁၀.၆.၂၀၂၂)ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်း က မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်နှင့် ကျေးလက်နေပြည်သူများ၏ ဆင်းရဲမှုကို လျှော့ချရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း အသင်းသား အသင်းသူများအား ရှင်းလင်းပြောကြားပါသည်။
ထို့နောက် သဲပုံကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၈)ဦးအား ငွေကျပ် (၂၈.၄) သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၄၆)ဦးအား ငွေကျပ်(၁၄.၇)သန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ (၂၈)ဦးအား ငွေကျပ်(၉.၉)သန်း စုစုပေါင်းကျေးရွာသူ/သား (၁၄၂)ဦးသို့ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ်(၅၃)သန်း ထုတ်ချေးခြင်းအား မြဝတီခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးနေဝင်းမှ အနီးကပ်ကြီးကြပ်၍မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီအဖွဲ့ဝင်များက တစ်ဦးချင်း စနစ်တကျထုတ်ချေးပေးခဲ့ကြောင်း သိရသည်။