Support Us : contact@drdmyanmar.org

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

တောင်တွင်းကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

27 June 22

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ဝက္ကသေးကျေးရွာ ကုန်ထုတ်လမ်းနှင့် သဲကောကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ဇွန်က ၂၇ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြီးကြပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြီးကြပ်ရာတွင် မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီး၊  ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းနှင့် မြို့နယ်အဆင့် တာဝန်ရှိများက ဝက္ကသေးကျေးရွာ ကုန်ထုတ်လမ်း၊ တံတားဆောင်ရွက်ခြင်းနှင့် သဲကောကျေးရွာ ကုန်ထုတ်လမ်း၊ တံတားဆောင်ရွက်မှု ကွင်းဆင်းကြီးကြပ်ခဲ့ရာ တာ၀န်ယူဆောင်ရွက်သော သက်ဆိုင်ရာကုမ္ပဏီ၊ တာ၀န်ခံအင်ဂျင်နီ ယာမှ  လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် ဒုတိယညွှန်ကြားရေးမှူးက လိုအပ်သည်များ ဖြည့်စွက်အကြံပြုမှာကြားခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြား စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ရာသီမရွေး ဈေးကွက်သို့ အလွယ်တကူ သယ်ယူ ပို့ဆောင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ တောင်တွင်းကြီးမြို့နယ်အတွင်း ဝက္ကသေးကျေးရွာ၌ အရှည် ၁၁၂၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီ ကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် ၎င်းလမ်းပေါ်တွင် Slab Culvert ငါးစင်းနှင့် Pipe Culvert ရှစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့အား ပြည်ထောင်စုရန်ပုံငွေကျပ် ၈၈ ဒသမ ၉၄၇ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီ နယူးနောင်းကုမ္ပဏီကလည်းကောင်း၊ သဲကောကျေးရွာ၌  အရှည် ၄၁၅၈ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁ ပေ ကိုးလက်မရှိ ကျောက်ရောမြေခင်း၍ မြေနီကျောက်စရစ်တင်ခြင်းလုပ်ငန်းနှင့် Slab Culvert နှစ်စင်း တည်ဆောက် ခြင်းလုပ်ငန်းတို့အား  တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၀ ဒသမ ၂ သန်းဖြင့် တင်ဒါအောင်မြင်သည့် နယ်ဦးသူ ကုမ္ပဏီကလည်းကောင်း တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီးထံက သိရသည်။

 

မယ်သင်း