ငဖဲ ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုကိုယ်တိုင် ပူးပေါင်းဆောင်ရွက်ခြင်းနည်းဖြင့် ကျေးရွာများ၏ ပကတိလိုအပ်ချက်များအား ဖော်ထုတ်ပြီးဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲရန် ရည်ရွယ်ချက်ဖြင့် လိုင်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို တာဝန်ရှိသူများက ဇွန် ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝိုင်းယုမော်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်များ၊ စီမံကိန်းလုပ်ငန်းစဉ် များနှင့် ကျေးရွာဖွံ့ဖြိုးရေးတိုးတက်ရေးလုပ်ငန်း ရွေးချယ်ရာတွင် လိုက်နာရန်အချက်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံက ကော်မတီဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ စီမံကိန်း ကော်မတီဝင်များ၏ တာဝန်ဝတ္တရားများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ပါရှိသော ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် တာဝန်များနှင့် ရပိုင်ခွင့်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်မိ၊ ရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသား များက VDP စီမံကိန်း ကော်မတီဝင် ၇ ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာရေးနှစ်တွင် ငဖဲမြို့နယ်အတွင်းရှိ လိုင်ကျေးရွာ၊ ကံသာကျေးရွာ၊ မန်းဆုံကျေးရွာ၊ ပျဉ်းဝကျေးရွာနှင့် စည်သာကျေးရွာတို့၌ VDP စီမံကိန်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျေးရွာတစ်ရွာလျင် နိုင်ငံတော်က ကျပ်သိန်း ၁၀၀ စီထောက်ပံ့၍ ပြည်သူထည့် ဝင်ငွေများပါဝင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကျေးရွာသူ/ကျေးရွာသားကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငဖဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝိုင်းယုမော် ထံမှ သိရသည်။
မယ်သင်း