ပခုက္ကူ ဇွန် ၂၆ ရက်
၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ် (၂)မြို့နယ်မှ ကျေးရွာ (၇)ရွာ၌ နိုင်ငံတော်က ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ နှုန်း ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ပခုက္ကူခရိုင်အတွင်းရှိ ကျေးရွာ (၇)ရွာမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာ၏ အဓိကလိုအပ်ချက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ကျေးရွာတွင်း ကျောက်ချောလမ်း၊ ကွန်ကရစ်လမ်းများခင်းခြင်း၊ ချောင်းကူးတံတားများ တည်ဆောက်ခြင်း၊ မီးလင်းရေး၊ ကျန်းမာရေးဆေးပေးခန်း၊ ရေတွင်း၊ ရေကန်များ တူးဖော်ခြင်း၊ စာသင်ကျောင်းဆောင်များနှင့် ကျေးရွာစာကြည့်တိုက်၊ ဘက်စုံသုံးခန်းမများ တည်ဆောက်ခြင်း စသည်တို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုး ကူညီမှု၊ မြေပြင် ကွင်းဆင်းကြီးကြပ်မှုတို့ဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဆိုတာ ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာရဲ့ လိုအပ်ချက်တွေကို စီမံချက်များအဖြစ် ဖော်ထုတ်ပြီး ရရှိလာတဲ့ ဦးစားပေးစီမံချက်တွေပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာများမှ ထွက်ပေါ်လာတဲ့ စီမံချက်လုပ်ငန်းများကို မြို့နယ်အဆင့်ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်၊ ဒီစီမံကိန်းကို ဖွံ့ဖြိုးမှုနည်းပါးတဲ့ ကျေးရွာတွေကို ဦးစားပေး ဆောင်ရွက်ပေးတယ်၊ ကျေးရွာတွေမှာ အဓိက လိုအပ်နေတဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျေးလက်နေပြည်သူများကိုယ်တိုင် ဖော်ထုတ်ပြီး နိုင်ငံတော်က ခွင့်ပြုငွေနဲ့ ပြည်သူလူထုရဲ့ ထည့်ဝင်ငွေပါဝင်မှုနဲ့ လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်တယ်၊ အခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာလည်း ပခုက္ကူခရိုင်အတွင်း ကျေးရွာ (၇)ရွာမှာ ထပ်တိုးဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ပခုက္ကူခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းနိုင်ထံက သိရသည်။
မယ်သင်း