ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ခုဘဏ္ဍာနှစ်၌ နမ့်ဟူးကျေးရွာတွင် စင်မြှင့်ရေစင်တည်ဆောက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် လားရှိုးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ဦးတင်မော်သန်းနှင့် သိန္နီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးရာဇာအောင်နှင့် မြို့နယ်တာဝန်ခံအင်ဂျင်နီယာများက နမ့်ဟူးကျေးရွာ၌ ဂါလန် ၂၄၀၀ဆံ့ စင်မြှင့်ရေစင်တည်ဆောက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူး၊ ဦးတင်မော်သန်းက ဆောင်ရွက်ပြီးလုပ်ငန်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြားသည်။
နမ့်ဟူးကျေးရွာတွင် ဂါလန်၂၄၀၀ဆံ့ စင်မြှင့်ရေစင်တည်ဆောက်နေမှုကို သိန္နီမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ယူပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(မွမ်းမံ)ခွင့်ပြုရန်ပုံငွေကျပ် ၁၀သန်းဖြင့် ဇူလိုင်လ တတိယပတ်မှ စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ လုပ်ငန်းများ ပြီးစီးသဖြင့် နမ့်ဟူးကျေးရွာရှိ အိမ်ခြေ ၆၂အိမ်၊ လူ ၂၉၃ဦးအတွက် သောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း လားရှိုးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဦးတင်မော်သန်းက ပြောပြ၍ သိရသည်။