ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် အီနိုင်ကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် လားရှိုးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးဘရန်ဆိုင်းနှင့် တာဝန်ရှိသူများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းကော်မတီဝင်များနှင့်အတူ အီနိုင်းကျေးရွာ၌ ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူး၊ ဦးဘရန်ဆိုင်းက လမ်းရေရှည်တည်တံ့စေရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
အီနိုင်းကျေးရွာ၌ အရှည်ပေ ၇၀၀၊ အကျယ်၁၂ပေ၊ အမြင့်၆လက်မရှိ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ်သိန်း၁၅၀၊ ကျေးရွာ ပြည်သူထည့်ဝင်ငွေကျပ်သိန်း ၆၀ စုစုပေါင်း ငွေကျပ်သိန်း ၂၁၀အသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် ယခုနှစ် စက်တင်ဘာလပထမပတ်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ် အီနိုင်းကျေးရွာ၌ ကျေးရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီဖြစ်၍ အီနိုင်းကျေးရွာနေပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း လားရှိုးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဦးဘရန်ဆိုင်းက ပြောပြ၍ သိရသည်။