အောင်လံမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အဌမအကြိမ်ထုတ်ချေး
အောင်လံ အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်သောငွေကြေးအရင်းအနှီးရရှိစေရန်အတွက် အောင်လံမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ အဌမအကြိမ် ထုတ်ချေးပေးခြင်းကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုကျေးရွာဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးက မြစိမ်းရောင်ကျေးရွာစီမံကိန်း ၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်း သတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းရန်ပုံငွေကျပ် ၆၁ ဒသမ ၈ သန်းကို အုတ်ရှစ်ကုန်းကျေးရွာ မြစိမ်း ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် အုတ်ရှစ်ကုန်းကျေးရွာမြစိမ်း ရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၂၆ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၅၂ ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ တစ်ဆယ်ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင် ၈၈ ဦးအား ငွေကျပ် ၆၁ ဒသမ ၈ သန်းကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အောင်လံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အုတ်ရှစ်ကုန်းကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်က စတင်ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာ သားများတပိုင်တနိုင် အသေးစားစီးပွားရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း အောင်လံခရိုင် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။