စဉ့်ကူးမြို့နယ်ဆည်သည်(မ)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုစစ်ဆေး
စဉ့်ကူး အောက်တိုဘာ ၁၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာ နှစ် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ဆည်သည်(မ)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို ယနေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်း၊ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခင်သီရိကျော်နှင့် စီမံကိန်းတာဝန်ခံတို့က ဆည်သည်(မ)ကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးကကျေးရွာကော်မတီများနှင့် တွေ့ဆုံကာလုပ်ငန်းများ သတ်မှတ် ကာလအတွင်း အရည်အသွေးပြည့်မီစွာဆောင်ရွက်ကြရန်နှင့် ဆောင်ရွက်ပြီးစီးပါကလည်း ရေရှည်တည်တံ့အောင် ထိန်းသိမ်း စောင့်ရှောက်ကြရန်ဆွေးနွေးမှာကြားသည်။
စဉ့်ကူးမြို့နယ် ဆည်သည်(မ)ကျေးရွာ၌ အရှည်ပေ ၆၂၀၊ အကျယ် ၁၂ပေ၊ အမြင့် ခြောက်လက်မရှိ ကွန်ကရစ်လမ်း ခင်းခြင်း ၊ ဆိုလာရေသန့်စင်စနစ် တပ်ဆင်ခြင်းလုပ်ငန်းများကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ပံ့ပိုးရန်ပုံငွေ ကျပ် ၁၅ သန်း၊ ကျေးရွာလူထုထည်ဝင်ငွေကျပ်၅ဒသမ၅၈၄ သန်းအသုံးပြု၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာ ကူညီပံ့ပိုးမှုဖြင့် ကျေးရွာပြည်သူလူထုကိုယ်တိုင် အောက်တိုဘာ ၁ ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း စဉ့်ကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းက ပြောပြ၍ သိရသည်။