ကံမမြို့နယ် အင်ဘက်တောရွာကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်ထုတ်ချေး
=============================================================
ကံမ အောက်တိုဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တပိုင်တနိုင်အသေးစားစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတိုးနှုန်းသက်သာသည့် ငွေကြေးအရင်းအနှီးရရှိစေရန်အတွက် အင်ဘက်တောကျေးရွာအုပ်စု၊ အင်ဘက်တောရွာကြီးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာစုရပ်ဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းကိုနိုင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်များ၊ အတိုးဆပ်ကာလ၊ အရင်းဆပ်ကာလနှင့် အတိုးနှုန်းသတ်မှတ်ချက်များ၊ စီမံကိန်းအသင်းဝင် ကျေးရွာသူကျေးရွာသားများ လိုက်နာရန်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ် ၄၂ ဒသမ ၈ သန်းကို အင်ဘက်တောရွာကြီးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
ထို့နောက် ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၏ ကြီးကြပ်မှုဖြင့် အင်ဘက်တောရွာကြီးကျေးရွာ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၀ ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၂ ဦး၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၆ ဦးနှင့် အသက်မွေးဝမ်းကျောင်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦး၊ စုစုပေါင်းစီမံကိန်းအသင်းဝင် ၉၉ ဦးအား ငွေကျပ် ၄၂ ဒသမ ၈ သန်းကို ငွေတစ်ရာကျပ်လျင် အတိုးနှုန်း ပြားငါးဆယ်ဖြင့် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အင်ဘက်တောကျေးရွာ အုပ်စု၊ အင်ဘက်တောရွာကြီးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်ကစတင် ဆောင်ရွက်ခဲ့ပြီး အဆိုပါစီမံကိန်းမတည်ရန်ပုံငွေများဖြင့် ကျေးရွာသူကျေးရွာသားများ မိသားစုကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွာဘဝဖွံ့ဖြိုးတိုးတက်လာကြောင်း ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။