ငါန်းဇွန်မြို့နယ်၊ဘုရားထူးကျေးရွာ၌ VDPစီမံကိန်းဖြင့်ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေးခြင်း
ငါန်းဇွန် အောက်တိုလာ ၃
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုဘဏ္ဍာရေးနှစ်တွင် ရွာသစ်ကျေးရွာအုပ်စု၊ ဘုရားထူးကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ဖြင့် ရွာတွင်းလမ်း ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများ ကွင်ဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်၊မြို့နယ်စီမံကိန်း တာဝန်ခံနှင့် တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များနှင့်အတူ ဘုရားထူးကျေးရွာ၌ ကျေးရွာတွင်းလမ်း အရှည်ပေ၉၀၀၊ အကျယ်၁၂ပေ၊ အမြင့်၆လက်မရှိ ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ငါန်းဇွန်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ကျေးရွာတွင်းလမ်းရေရှည်တည်တံခိုင်မြဲရေးအတွက် စံချိန်စံညွှန်းများအတိုင်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်းပြောကြားသည်။
ဘုရားထူးကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ငွေကျပ်၁၅သန်း ၊ပြည်သူ ထည့်ဝင်ငွေ ၅.၄၆သန်းဖြင့် ကျေးရွာသူ၊ ကျေးရွာသားများ ကိုယ်တိုင်စက်တင်ဘာဒုတိယပတ်က စတင်ဆောင်ရွက်ရာ ယခုအခုလုပ်ငန်းများ ၃၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က ပြောပြ၍ သိရသည်။